နျူစွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘောကြီး ရေချ

နျူကလီယားစွမ်းအင်သုံး လေယာဉ်တင်သဘောၤကြီး Gerald Ford ရေချစဉ်။ (နိုဝင်ဘာ ၉၊ ၂၀၁၃)

အမေရိကန်ရေတပ်က Nuclear စွမ်းအင်သုံး လေယာဉ်တင်သင်္ဘောသစ်ကြီး USS Gerald R. Ford ကို စနေနေ့က ရေချခဲ့ပါတယ်။ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ဆောက်ထားတဲ့ လေယာဉ်တင်သင်္ဘောကြီးဟာ ၁၀ စင်းထက်မနည်း ထပ်ပြီးထုတ်လုပ်ဖို့ရှိတဲ့ စစ်သင်္ဘောအသုတ်ထဲမှာ ပထမဆုံး ရေချခဲ့တဲ့ သင်္ဘောဖြစ်ပါတယ်။

Virginia ပြည်နယ်မှာရှိတဲ့ သင်္ဘောကျင်းတခုမှာ ရေချခဲ့တဲ့ သင်္ဘောသစ်ကြီးကို အမေရိကန်သမ္မတဟောင်း Gerald Ford ရဲ့ နာမည်ပေးခဲ့တာပါ၊ တန်ချိန် ၁ သိန်းရှိပြီး ဒေါ်လာ ၁၃ ဘီလျံနီးပါးအကုန်အကျခံဆောက်ထားတဲ့ USS Gerald R. Ford လေယာဉ်တင်သင်္ဘောက ရေကြောင်း စစ်ဆင်ရေးအတွက်
စာမျက်နှာသစ် ဖွင့်လိုက်တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလေယာဉ်တင်သင်္ဘောကြီးပေါ်ကနေ Jet လေယာဉ်တွေကို အရင် လေယာဉ်တင်သင်္ဘောတွေထက် ပိုမြန်မြန် လွှတ်တင်ပေးနိုင်ပြီး သင်္ဘော အမှုထမ်းတွေလည်း အရင်လို အများကြီး မလိုအပ်ပါဘူး။ လူမပါတဲ့ မောင်းသူမဲ့ Drone ယဉ်တွေကိုလည်း လွှတ်တင်နိုင်ပါတယ်။

စနေနေ့က ရေချခဲ့ပေမယ့် USS Gerald R. Ford လေယာဉ်တင်သင်္ဘောကို ၂၀၁၆ ခုနှစ်ကျမှ စတင်ခုတ်မောင်းမှာဖြစ်ပါတယ်။