ကမ္ဘာ့ကုန်သွယ်ရေးအသာစီးရဖို့ တရုတ်ကြိုးစားဟု နိုင်ငံခြားရေးဝန်ကြီးကလင်တန် ဝေဖန်

  • Gollust's Burmese

Denmark's Emmelie De Forest, winner of the 2013 Eurovision Song Contest, sings "Only Teardrops" at the finals of the contest held at the Malmo Opera Hall in Malmo, Sweden, May 18, 2013.

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်က စီးပွားရေးကိစ္စနဲ့ပတ်သက်ပြီး မိန့်ခွန်း ပြောဆိုရာမှာ တရုတ်နိုင်ငံဟာ အသာစီးရဖို့အတွက် နိုင်ငံတကာ ကုန်သွယ်မှုစနစ်ကို ကစားနေတာဟာ စိတ်မကောင်းဖြစ်စရာ ကောင်းတဲ့အကြောင်းနဲ့ ကမ္ဘာ့ကုန်သွယ်ရေးမှာ တန်းတူယှဉ်ပြိုင်ခွင့် ရှိစေဖို့ ပြောဆိုလိုက်ပါတယ်။ ဝါရှင်တန်ရဲ့ စီးပွားရေးမူဝါဒတွေရဲ့ သက်ရောက်မှုကို ထိခိုက်စေလောက်တဲ့ နိုင်ငံရေးပါတီ အယူအစွဲတွေကို ရပ်ကြဖို့ကိုလည်း မေတ္တာရပ်ခံလိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဗွီအိုအေသတင်းထောက် David Gollust သတင်းပေးပို့ထားတာကို ဦးစံမိုးဝေက တင်ပြပေးပါဦးမယ်။

ကုန်သွယ်မှုတိုးတက်စေဖို့နဲ့ ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒမှာ ကြီးမားတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်လို့ နယူးယောက်မြို့က စီးပွားရေးအသင်းမှာ မိန့်ခွန်းပြောဆိုရာမှာ ဝန်ကြီးကလင်တန်က ပြောဆိုလိုက်ပါတယ်။

အမှာစကား ပြောဆိုတဲ့နေရာမှာရော တက်ရောက်သူတွေနဲ့ အမေးအဖြေ ကဏ္ဍမှာပါ တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေး မူဝါဒတွေအပေါ် သမ္မတအိုဘားမား အစိုးရဘက်က ပြတ်ပြတ်သားသား ဝေဖန်ချက်တွေကို ထည့်သွင်း ပြောသွားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့ ပြည်ပပို့ကုန်မြှင့်တင်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ သူရဲ့ငွေတန်ဖိုးကို ချထားတာကြောင့် ကမ္ဘာမှာ ရာဇဝင်တွင်လောက်အောင် ကုန်သွယ်ရာမှာ သူ့ဘက်ကပိုလျှံံနေပြီး အမေရိကန်နိုင်ငံကိုရော တခြားစီးပွားရေး အင်အားကြီး နိုင်ငံတွေကိုပါ ထိခိုက်စေပါတယ်လို့ ပြောပါတယ်။

“ဒီလိုလုပ်တာဟာ ဈေးကွက်ကို ကမောက်ကမ ဖြစ်စေယုံတင်မကပါဘူး၊ ကျမတို့ပို့ကုန်တွေကို ဈေးကြီး သွားစေယုံတင်လည်း မကပါဘူး။ အခုဆိုရင် တခြားတိုင်းပြည်တွေကိုပါ ရိုက်ခတ်နေပါပြီ။ အဲဒီတော့ တရုတ်နိုင်ငံဟာ သူ့နိုင်ငံက ထုတ်ကုန် လုပ်ငန်းရှင်တွေ ကောင်းစားဖို့အတွက် သဘာဝမကျတဲ့ ငွေတန်ဖိုး လျှော့ချထားမှုကို ပြန်ညှိပေးဖို့လိုနေပါပြီ။ ဒါဟာ သူတို့ တရုတ်နိုင်ငံသားတွေ အတွက်လည်း နစ်နာမှုတွေ ဖြစ်စေပါတယ်။”

တရုတ်နိုင်ငံရဲ့ မညီမျှတဲ့ငွေကြေး တန်ဖိုးသတ်မှတ်မှု ဆက်လက်ဖြစ်နေရင် တန်ပြန် အရေးယူနိုင်တဲ့ ဥပဒေပြဌာန်းချက်ကို အမေရိကန် အထက်လွှတ်တော်ကနေ အခုသီတင်းပတ်အတွင်း အတည်ပြု ချမှတ်ခဲ့တာနဲ့ပတ်သက်ပြီးတော့လည်း ဝန်ကြီး ကလင်တန်က ပြောဆိုခဲ့ပါသေးတယ်။

အဲဒီဥပဒေကြောင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာမှာကို စိုးရိမ်နေကြတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့လည်း ဝန်ကြီး ကလင်တန်က အခုလိုပြောပါတယ်။

“ဒါကို ကျမတို့ဘက်က ခိုင်ခိုင်မာမာ ရပ်တည်ပြီး ပြောဆိုတာဟာ မှားယွင်းတဲ့လုပ်ရပ်လို့ ကျမတော့ မထင်ပါဘူး။ ရှင်တို့ သတိပေးနေကြသလို ၁၉၃၀ ခုနှစ်တွေတုန်းကလို ခုခံကာကွယ်ရေးဝါဒီ အဖြစ်မျိုးလည်း ရောက်သွားလိမ့်လို့ မထင်ပါဘူး။ အိုဘားမား အစိုးရက အထက်လွှတ်တော်ကို ရှူးမား မူကြမ်းနဲ့ ပတ်သက်ပြီးတော့ ပြောဆိုခဲ့ပါတယ်။ ဒါကလည်း ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်းကြီးရဲ့ တာဝန်တွေ အပါအဝင် နိုင်ငံတကာ တာဝန်ဝတ္တရားနဲ့အညီ လုပ်သင့် လုပ်ထိုက်တာကို လုပ်ရပါလိမ့်မယ်။”

မကြာခင်က သူ သွားရောက်ခဲ့တဲ့ နိုင်ငံရပ်ခြားခရီးစဉ်တွေမှာ မဟာမိတ်နိုင်ငံတွေက ဝါရှင်တန်မှာ မတင်မကျ ဖြစ်ခဲ့ရတဲ့ အစိုးရဘတ်ဂျက် လိုငွေဖြတ်တောက်မှု ကိစ္စအပေါ် စိုးရိမ်မှုတွေ ပြသခဲ့ကြတယ်လို့လည်း ဟယ်လာရီကလင်တန်က ပြောပါတယ်။

“အခုတော့ ကိုယ့်တိုင်းပြည်ထဲမှာပဲ အခြေအတင်ပြောဆိုနေတဲ့ နေရာမှာပဲ တန့်နေတယ်လို့ ကျမထင်ပါတယ်။ တော်တော် ဝမ်းနည်းစရာ ကောင်းပါတယ်။ ကျမတို့မှာ နိုင်ငံရေးအငြင်းအခုံ လုပ်နေဖို့အတွက် အချိန်မရှိတော့ဘူးလို့ ထင်ပါတယ်။”

အမေရိကန်နိုင်ငံမှာ နိုင်ငံရေးပါတီတွေနဲ့ စီးပွားရေးအသိုင်းအဝိုင်းဟာ စည်းလုံးညီညွတ်တဲ့ အမေရိကန် စိတ်ဓါတ်ကို ပြန်လည် တည်ဆောက်ဖို့ လိုကြောင်း၊ မဟုတ်ရင်တော့ ပါတီအစွဲကြီးမှုတွေ၊ အယူအဆ သဘောတရားတွေကြောင့် မလှုပ်နိုင် မရှားနိုင်အဖြစ်မျိုး ဆက်ပြီး ကြုံနေရလိမ့်ဦးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားပါတယ်။