မြောက်ကိုရီးယားအရေး တရုတ်နဲ့ ဝန်ကြီး ကလင်တန် ဆွေးနွေး

မြောက်ကိုရီးယားအရေး တရုတ်နဲ့ ဝန်ကြီး ကလင်တန် ဆွေးနွေး

တရုတ်နိုင်ငံ အနေနဲ့ မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကို ဟန့်တားပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ တရုတ် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ဒိုင်ဘင်ဂေါင်း (Dai Bingguo) တို့ တွေ့ဆုံ ဆွေးနွေးတဲ့ နေရာမှာ မစ်စ် ကလင်တန်က တောင်းဆိုလိုက်ပါတယ်။

မစ်စ် ကလင်တန်နဲ့ ဒိုင်တို့ဟာ တရုတ်နိုင်ငံ တောင်ပိုင်း ရှန်ဂျန်း (Shenzhen) မြို့မှာ တနင်္လာနေ့က တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲဟာ အပြုသဘော ဆောင်သလို မြောက်ကိုရီးုယားရဲ့ အမူအကျင့်တွေအပေါ် တရုတ်ဘက်က မနှစ်မြို့ဘူးဆိုတာကို ပြသခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

နျူကလီးယားလက်နက် အရေးကိစ္စ ဆွေးနွေးပွဲကို မြောက်ကိုရီးယားဘက်က ၂၀၀၈ ခုနှစ်မှာ ဖျက်သိမ်းခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း မြောက်ကိုရီးယားဘက်က တောင်ကိုရီးယား စစ်သင်္ဘောကို တော်ပီဒိုနဲ့ ပစ်ခတ် တိုက်ခိုက်တဲ့အတွက် တပ်သား ၄၀ ကျော် သေဆုံးခဲ့ရသလို တောင်ကိုရီးယားကျွန်းကို ပစ်ခတ်ခဲ့တာကြောင့် လူ ၄ ဦး သေဆုံးခဲ့ရပါတယ်။