ရွှေဝါရောင်ဆရာတော် နတ်ဇော လို့လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဦးပညာဇောတကို စစ်ကောင်စီက ရန်ကုန်မြို့ စော်ဘွားကြီးကုန်းမှာ နိုဝင်ဘာလ (၁၃)ရက်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဆရာတော်နဲ့နီးစပ်တဲ့သံဃာတော်တွေက ဗွီအိုအေကို အတည်ပြုပါတယ်။ အမေရိကန်နိုင်ငံသား ဆရာတော်ဦးပညာဇောတ (နတ်ဇော) ဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြန်မာသံရုံးကနေ တရားဝင် ဗီဇာလျှောက်ထားပြီး မြန်မာနိုင်ငံကိုကြွရောက်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဘတ်ဖဲလိုးမြို့ မေတ္တာပါရမီကျောင်းတိုက်ဆရာတော် ဦးပညာဇောတ နတ်ဇောဟာ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် နွယ်ခွေစံပြကျေးရွာပညာပါရမီကျောင်းတိုက် အနန္တမေတ္တာ (၃)ထပ် ကျောင်းတော်ကြီး နဲ့ အနန္တမေတ္တာပါရမီ သိမ်ကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းတဲ့ ပန္နက်တင်မင်္ဂလာပွဲအခမ်းအနားအတွက် မြန်မာနိုင်ငံကို သာသနာပြုခရီးအဖြစ် သွားရောက်တာဖြစ်တယ်လို့ ဆရာတော်နဲ့နီးစပ်တဲ့ဒါယိကာ ဒါယိကာမတွေကလည်း ပြောပါတယ်။ ဆရာတော်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း သိမ်နုတ်ကမ္မဝါရွတ်ဖတ်နေကြတာ ပန္နက်တင်မင်္ဂလာတင်အခမ်းအနားကျင်းပနေတာတွေကို နောက်ဆုံးတင်ထားတာကိုတွေ့ရပါတယ်။
အခုအချိန်အထိ ဆရာတော်ဦးပညာဇောတကို ဘာကြောင့်ဖမ်းဆီးထိန်းသိမ်းခဲ့တယ် ဘယ်လိုအမှုတွေနဲ့တရားစွဲဆိုဖို့ရှိတယ် ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကို စစ်ကောင်စီဘက်က တရားဝင်သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ အမေရိကန်နိုင်ငံသားဖြစ်တဲ့ ဆရာတော် ထိန်းသိမ်းခံခဲ့ရတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အမေရိကန်သံရုံးတာဝန်ရှိသူတွေကို ဆက်သွယ်အကြောင်းကြားထားတယ်လို့လည်း ဆရာတော်နဲ့နီးစပ်တဲ့သံဃာတော်တွေက ဗွီအိုအေကိုမိန့်ပါတယ်။
ဆရာတော် ဦးပညာဇောဟာ ၁၉၉ဝ ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း သပိတ်ကံဆောင်ပွဲမှာတစ်ကြိမ်၊ ၁၉၉၈ခုနှစ်မှာ တစ်ကြိမ် နိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောင်ဒဏ်နှစ်ရှည် ၂ကြိမ် ချခံခဲ့ရဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ဆရာတော်နတ်ဇောအဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုမှာ အခြေချသီတင်းသုံးနေတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကာလကစလို့ အမေရိကန်ပြည်ထောင်စုဘက်က အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံတွင်း ခရီးသွားလာမှုနဲ့ပတ်သက်လို့ လုံခြုံရေးအထူးသတိပေးကြေညာချက်တွေထုတ်ပြန်ပြီး သတိပေးနေချိန်လည်းဖြစ်ပါတယ်။