အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ တရုတ် အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ စီးပွားရေးနဲ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေလုပ်ဖို့အတွက် ဒီကနေ့ တနင်္ဂနွေနေ့ ဘေဂျင်းမြို့တော်မှာ ရောက်နေပါတယ်။ ဆွေးနွေးပွဲတွေအတွင်း တောင်ကိုရီးယားစစ်သင်္ဘော နစ်မြုပ်ခဲ့တဲ့ကိစ္စလဲ ပါဝင်ပါလိမ့်မယ်။
ဒီကနေ့အစောပိုင်းမှာ ရှန်ဟဲမြို့က ဘိုးအင်းလေယာဉ်ကုမ္ပဏီ ပြုပြင်ထိန်းသိမ်းရေးစခန်းတခုကို သွားရောက်ခဲ့တဲ့အတောအတွင်း
တရုတ်စီးပွားရေးမှာ အမေရိကန်က ပိုပြီး ပါဝင်ခွင့်ရရေး နိုင်ငံခြားရေးဝန်ကြီးကလင်တန်က အလေးထားပြောခဲ့ပါတယ်။
တရုတ်နဲ့နိုင်ငံတကာကုမ္ပဏီတွေ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ယှဉ်ပြိုင်ခွင့်ရစေမယ့် ညီတူမျှတူ စီးပွားရေးလုပ်ခွင့် အခင်းအကျင်း တရုတ်နိုင်ငံမှာရှိဖို့ အရေးကြီးတဲ့အကြောင်း ကလင်တန်က အလေးအနက်ပြောခဲ့ပါတယ်။
သောကြာနေ့တုန်းကတော့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က တောင်ကိုရီးယားစစ်သင်္ဘော နစ်မြုပ် ခဲ့ရတဲ့ကိစ္စအတွက် မြောက်ကိုရီးယားကို ပြစ်တင် ရှုတ်ချလိုက်ပြီး ရန်စတဲ့လုပ်ရပ်တွေမှာ နောက်ဆက်တွဲ အကျိုးဆက်တွေရှိတယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။
တောင်ကိုရီးယားစစ်သင်္ဘော နစ်မြုပ်ခဲ့ရတဲ့ဖြစ်ရပ်အတွက် သူတို့မှာ တာဝန်မရှိဘူးလို့ မြောက်ကိုရီးယားက ငြင်းဆန်ထားပြီး ဘယ်လို လက်တုန့်ပြန်မှုမျိုးကိုမဆို သူတို့အခေါ် စစ်ရေး နည်းလမ်းစုံနဲ့ လက်တုန့်ပြန်မယ်လို့ အခိုင်အမာ ပြောထားပါတယ်။