ဆီးရီးယားပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရေး ရုရှားက အပြည့်အဝ လေးစား လိုက်နာပါ့မလားဆိုပြီး အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အရာရှိတွေကြား စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။
ဆီးရီးယားအရေးမှာ ရုရှားဟာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီး၊ ဆီးရီးယားသမ္မတ Bashar al Assad အစိုးရကို ပိုမို အားကောင်း လာစေအောင် မကြာခင်မှာ ထပ်မံလုပ်ဆောင် လာနိုင်တယ်လို့ - အမျိုးသားထောက်လှမ်းရေး ဌာန အကြီးအကဲ James Clapper က လွှတ်တော် အမတ်တွေကို ကြာသပတေးနေ့မှာ ပြောဆိုခဲ့တာပါ။
ရုရှားအနေနဲ့ ဖြစ်နိုင်ချေကို တွက်ဆနေတာ ဒါမှမဟုတ် ဆီးရီးယား မှာ နောက်ထပ် မြေပြင် တပ်ဖွဲ့တွေ ပိုတိုးချထားမလား စဉ်းစားနေတာဖြစ်နိုင်တယ်လို့ ယူဆတဲ့အကြောင်း James Clapper က - အောက် လွှတ်တော် ထောက်လှမ်းရေး ဆိုင်ရာ အမြဲတမ်း ကော်မတီရှေ့မှောက်မှာ ပြောကြားခဲ့တာပါ။
တွင်းဆုံးထဲရောက်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံတုန်းက အတွေ့အကြုံကို အမှတ်ရနေ တာက ရုရှားအတွက် တုန့်ဆိုင်းနေတဲ့ အချက်ဖြစ်တယ် လို့လည်း ပြောဆိုခဲ့ပါတယ်။ ရုရှားအစိုးရရဲ့ စဉ်းစားမှုတွေအပေါ်မှာ ဒီကိစ္စက ရိုက်ခတ်မှုရှိနေတဲ့ အတွက်လည်း၊ အပစ်အခတ်ရပ်စဲရေးက ရုရှားအတွက် အကျိုးရှိမယ့် အကြောင်းရင်း တခု ဖြစ်နိုင်တယ်လို့ သူ့အနေနဲ့ ယူဆတဲ့ အကြောင်း လည်း အမျိုးသားထောက်လှမ်းရေးဌာန အကြီးအကဲ James Clapper ကပြောဆိုခဲ့ပါတယ်။