အမေရိကန် ကြွေးမြီပြဿနာ ၂ ပါတီ စင်ပြိုင်အဆိုပြု

အမေရိကန် ကြွေးမြီပြဿနာ ၂ ပါတီ စင်ပြိုင်အဆိုပြု

အမေရိကန်ရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရဲ့ တင်နေတဲ့ အကြွေးတွေ ဆပ်ဖို့ သီတင်းတပတ် အလိုမှာ အမေရိကန် အစိုးရရဲ့ အသုံးစရိတ် ဖြတ်တောက်ပြီး အကြွေးကန့်သတ်ချက်ကို မြှင့်တင်ဖို့ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်ပါတီ ၂ ရပ်ရဲ့ အစီအစဉ်တွေကို ပါတီခေါင်းဆောင်တွေက ကွန်ဂရက်စ် လွှတ်တော်ထဲမှာ ထုတ်ဖော် ကြေညာလိုက်ပါတယ်။

နိုင်ငံရဲ့ အကြွေးကန့်သတ်ချက်ကို ဒေါ်လာ ၁ ထရီလီယံအထိ ချက်ချင်း မြှင့်တင်ပြီး အသုံးစရိတ်ကို ၁ ထရီလီယံ ဖြတ်တောက်ဖို့ ရီပတ်ဘလီကန်တွေရဲ့ အစီအစဉ်ကို အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန် ဘေနာ (John Boehner) က ကြေညာပါတယ်။ အဲဒီအစီအစဉ် အပြီးမှာ အခွန်တိုးမြှင့်တာ မပါဘဲ အသုံးစရိတ် ထပ်ပြီး ဖြတ်တောက်မှုကို နောက်နှစ်တွေမှာ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီအစီအစဉ်ဟာ လုံး၀ ပြည့်စုံတယ်လို့ မပြောနိုင်ပေမဲ့ အစိုးရ အနေနဲ့ တိုးမြှင့်ထားတဲ့ အကြွေးသတ်မှတ်ချက်ထက် ပိုပြီးတော့ သုံးလို့မရအောင် လက်တွေ့ကျတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ထားတယ်လို့ မစ္စတာ ဘေနာက ပြောပါတယ်။

ဒါပေမဲ့ အထက်လွှတ်တော် ဒီမိုကရက်တစ် ခေါင်းဆောင် ဟယ်ရီ ရိဒ် (Harry Reid) ရဲ့ ယှဉ်ပြိုင် အစီအစဉ်ကို သမ္မတ အိုဘားမား (Barack Obama) က ထောက်ခံတယ်လို့ အိမ်ဖြူတော်က ပြောဆိုပါတယ်။ မစ္စတာ ရိဒ်ရဲ့ အစီအစဉ်အရ အသုံးစရိတ် ၂.၇ ထရီလီယံ အရင်ဖြတ်ပြီးတော့ အကြွေးကန့်သတ်ချက်ကို နောက်နှစ် ရွေးကောက်ပွဲကာလ အတွင်းအထိ မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။ အဲဒီ အစီအစဉ်မှာလည်း အခွန်တိုးကောက်ဖို့ မပါဝင်ဘူးလို့ သိရပါတယ်။

ဒါဟာ အဓိပ္ပာယ်ရှိတဲ့ အဆိုပြုချက် ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူက မှတ်ချက်ချပါတယ်။

တကယ်လို့ သမ္မတနဲ့ ကွန်ဂရက်စ်လွှတ်တော် သဘောတူညီမှု မရလို့ အမေရိကန် အစိုးရက သြဂုတ်လ ၂ ရက် နောက်ဆုံးထားပြီး နိုင်ငံရဲ့ ကြွေးမြီကို မဆပ်နိုင်ရင် ဘဏ္ဍာရေးဌာန အနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို မပေးဆပ်နိုင်တဲ့အတွက် အမေရိကန်ဘဏ်တွေက ငွေချေးငှားသူတွေအဖို့ အတိုးနှုန်း မြင့်မားသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကလည်း အမေရိကန်နိုင်ငံက အကြွေးကန့်သတ်ချက်ကို အမြန် မြှင့်တင်ပြီးတော့ အသုံးစရိတ်ကို ဖြည်းဖြည်းချင်း ဖြတ်တောက်သွားခြင်းအားဖြင့် အမေရိကန်နဲ့ တခြားနိုင်ငံတွေရဲ့ စီးပွားရေးအတွက် အရေးကြီးတဲ့ ကိစ္စကို ဖြေရှင်းနိုင်လိမ့်မယ်လို့ အစီရင်ခံစာ အသစ်တစောင်မှာ ဖော်ပြပါတယ်။