ယူကရိန်းကို ကျူးကျော်တဲ့ ရုရုားလုပ်ရပ် စစ်ရာဇဝတ်မှုအဖြစ် အမေရိကန်သတ်မှတ်

Vice President of the United States Kamala Harris speaks at the Munich Security Conference in Munich, Saturday, Feb. 18, 2023.

ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်တိုက်နေတဲ့ ရုရှားနိုင်ငံရဲ့လုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု ဖြစ်တယ်လို့ အမေရိကန်အစိုးရက တရားဝင်သတ်မှတ်ကြောင်း အမေရိကန်ဒုသမ္မတ Kamala Harris က ဒီကနေ့ ကြေညာလိုက်ပါတယ်။

သက်သေအထောက်အထားတွေ၊ ဥပဒေသတ်မှတ်ချက်တွေကို လေ့လာသုံးသပ်ခဲ့ပြီးနောက်ရုရှားတို့ရဲ့လုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ Munich Security Conference လုံခြုံရေးညီလာခံမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့သူတွေ၊ ဒီပြစ်မှုတွေ ကျူးလွန်အောင် အမိန့်ပေးသူတွေအားလုံးအနေနဲ့ သူတို့လုပ်ရပ်အတွက် တာဝန်ခံရမှာ ဖြစ်တယ်လို့ အမေရိကန်ဒုသမ္မတက ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက ဥပဒေကြောင်းအရ သုံးသပ်ပြီး အခုလို တရားဝင်သတ်မှတ်လိုက်တဲ့အတွက် ရုရှားကျူးကျော်စစ်အပေါ်တော့ ချက်ချင်းအကျိုးဆက်တွေ ရှိလာဦးမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ရုရှားသမ္မတ Vladimir Putin ကို နိုင်ငံတကာအသိုင်းအဝိုင်းကနေ နောက်ထပ်ဖယ်ကျင်နိုင်ဖို့နဲ့ သူ့အစိုးရအဖွဲ့ဝင်တွေကို နိုင်ငံတကာတရားရုံးတွေမှာ အရေးယူနိုင်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ အမေရိကန်အစိုးရက မျှော်လင့်ပါတယ်။ သမ္မတ Joe Biden ဦးဆောင်တဲ့ မဟာမိတ်တွေရဲ့ ပူတင်အပေါ် အရေးယူမှုကြောင့် ရုရှားဟာ အင်အားချည့်နည့်နေတဲ့ နိုင်ငံတခု ဖြစ်နေတယ်လို့ အမေရိကန်ဒုသမ္မတ Kamala Harris က Munich လုံခြုံရေးညီလာခံမှာ ပြောကြားခဲ့သွားပါတယ်။

=== Unicode ===



