အမေရိကန် ကာကွယ်ရေးဝန်ကြီး ရာထူးက အနားယူတော့မည်

အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel

အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ဟာ သမ္မတ Barack Obama ရဲ့ တောင်းဆိုချက် အရ ရာထူးက နုတ်ထွက်တော့မှာပါ။ သမ္မတ အိုဘားမားရဲ့ နိုင်ငံခြားရေးမူဝါဒတွေအပေါ် ဝေဖန်ပြောဆိုနေကြသူတွေရဲ့ ယုံကြည်မှုရအောင် လုပ်ဆောင်တဲ့အနေနဲ့ သမ္မတက အခုလို ကာကွယ်ရေး ဝန်ကြီးကို ရာထူးက ဆင်းခိုင်းလိုက်တာဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကာကွယ်ရေးဝန်ကြီး ရာထူးက အနားယူတော့မယ့်အကြောင်း သမ္မတအိုဘားမား အနေနဲ့ သမ္မတအိမ်ဖြူတော်မှာ တနင်္လာနေ့မှာ တရားဝင်ကြေညာမှာ ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီး ရာထူးကအနားယူဖို့အတွက် သောကြာနေ့မှာ သမ္မတက တိုက်တွန်းခဲ့တာဖြစ်ပြီး သူ့နေရာကို အစားထိုးမယ့်သူ မတွေ့မချင်း ဝန်ကြီး Hagel အနေနဲ့ လက်ရှိတာဝန်တွေကို ဆက်လက် ထမ်းဆောင်နေဦးမှာ ဖြစ်ပါတယ်။

IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုအပါအဝင် အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာမှုတွေကို ရင်ဆိုင်ဖို့ လက်ရှိကာကွယ်ရေး ဝန်ကြီး Hagel ထက် ပိုမို ထူးချွန်တဲ့သူလိုအပ်တဲ့အတွက် အခုလို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သမ္မတအိုဘားမား အစိုးရအဖွဲ့အတွင်းက အရာရှိတွေပြောတာကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။