အမေရိကန် စီးပွားရေး နဲ့ ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံရောက်

Under Secretary Robert Hormats

Your browser doesn’t support HTML5

နားဆင်ရန်

အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဖွံ့ဖြိုးမှု၊ စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လက်ထောက်နိုင် ငံခြားရေးဝန်ကြီး ရောဘတ် ဟောမက်တ်စ် (Robert Hormats) ဟာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နဲ့ နေပြည်တော် တို့ကို ဇူလိုင်လ (၁၄)နဲ့ (၁၅) ရက်နေ့တွေမှာ သွားရောက်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ဇူလိုင်လ(၁၆)ရက် နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ထောက်ဝန်ကြီး ဟောမက်တ်စ် ဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ ဒုလက်ထောက်ဝန်ကြီး ဖရန်စစ္စကိုဆန်းချက်(ဇ်) (Francisco Sanchez) ၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun)၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ် သမားရေး ဒုလက်ထောက်ဝန်ကြီး ဒယ်န်နီရယ်လ် ဘား (Daniel baer) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချယ်လ် (Derek Mitchell)တို့နဲ့ အတူ နေပြည်တော်မှာ မြန်မာခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ (၂၅) နှစ်ကျော်ကာလအတွင်း အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

မကြာသေးခင်က သမ္မတအိုဘားမား ထုတ်ပြန် ကြေညာခဲ့တဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့ချပြီး မြန်မာနိုင်ငံမှာ အမေရိကန်ကုမ္ပဏီတွေ သွားရောက် ရင်းနှီးမြှုပ်နံှခွင့်ပြု ခဲ့တာ၊ ဇူလိုင် လ (၁၃) ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hilary Clinton) နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ ကမ္ဘောဒီးယားနိုင်ငံ အာရှဒေသ ARF ညီလာခံအတွင်း သီးသန့်တွေ့ ဆုံဆွေးနွေးခဲ့တာနဲ့ မနှစ်က ဝန်ကြီး ကလင်တန် မြန်မာနိုင်ငံကို သွားရောက်ခဲ့စဉ်က မြန်မာခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို အခြေခံပြီး အမေရိကန်နဲ့ မြန်မာ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးတို့ကို ချဲ့ထွင်နိုင်ရေး၊ လက်ထောက်ဝန်ကြီး ဟောမက်တ်စ်နဲ့အဖွဲ့က ဦးစားပေးဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

လက်ထောက်ဝန်ကြီး ဟောမက်တ်စ်နဲ့ အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွ့ဆုံခဲ့သလို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီးဦးပွင့်ဆန်းတို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။