လုံခြုံရေးအရပိတ်ထားရတဲ့ အမေရိကန်သံရုံးအချို့ ပြန်ဖွင့်

အမေရိကန်အစိုးရက လုံခြုံရေး စိုးရိမ်မှုအရ ပိတ်ထားတဲ့ အရှေ့အလယ်ပိုင်း နဲ့ မြောက်အာဖရိကဒေသက သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတချို့ကို တနင်္လာနေ့မှာ ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ ဒေသတွင်းက သံရုံးနဲ့ ကောင်စစ်ဝန်ရုံး ၁၉ ရုံးကိုတော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။

Kabul, Baghdad, Algiers, Dhaka စတဲ့ မြို့တွေက သံရုံးတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြန်ဖွင့်လိုက် တာ ဖြစ်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နိုင်ခြေ များတယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ရရှိထားတဲ့အတွက် အဲဒီ သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေကို ပိတ်ခဲ့တဲ့အပြင် အမေရိကန် နိုင်ငံသားတွေအနေနဲ့လည်း ခရီးသွားလာတဲ့နေရာမှာ သတိထားကြဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သတိပေးချက်တွေ ထုတ်ပြန်ခဲ့တာပါ။

အခုလို ခြိမ်းချောက်မှုတွေ ဖြစ်ပေါ်နေတာကို သတိထား တုံ့ပြန်တဲ့အနေနဲ့ သံရုံးနဲ့ ကောင်စစ်ဝန်ရုံး ၁၉ ခုကို စနေနေ့အထိ ဆက်ပိတ်ထားမယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အခု ဆက်ပိတ်ထားတဲ့အထဲ Abu Dhabi, Amman, Cairo, Dubai, Riyadh နဲ့ Tripoli မြို့တို့ ပါဝင်ပါတယ်။