အမေရိကန် ဘဏ္ဍာရေးပြဿနာ နောက်ဆုံးအချိန်ထိ ပြေလည်မှုမရ

အမေရိကန်သမ္မတ Barack Obama အိမ်ဖြူတော်တွင် Fiscal Cliff နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်နေစဉ်။ ( ဒီဇင်ဘာ ၃၁၊ ၂၀၁၂)

အမေရိကန်နိုင်ငံရဲ့ ငွေကြေးပြဿနာ ဆုံးဖြတ်ချက်အတွက် မဲမပေးဘဲ အောက်လွှတ်တော် ကိုယ်စားလှယ်တွေက ညီလာခံကို ရပ်နားလိုက်တာကြောင့် နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတဲ့ နှစ်သစ်ကူူး တနင်္လာည သန်းခေါင်အချိန်မှာ Fiscal Cliff လို့ခေါ်တဲ့ စီးပွားရေးချောက်ကမ်းပါးထဲ ကျမယ့်အဖြစ်ကို အောက်လွှတ်တော်ကနေ ကယ်တင်နိုင်တော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့် အမေရိကန်စံတော်ချိန် တနင်္လာည သန်းခေါင်မတိုင်ခင် အထက်လွှတ်တော်က မဲပေးပြီး ဆုံးဖြတ်ဖို့ ရှိမရှိတော့ အခုထိ သဲသဲကွဲကွဲ မသိရသေးပါဘူး။ တကယ်လို့ ဒီလိုသဘောတူညီမှု မရတာ သေချာခဲ့ရင် ဒီနှစ်ဆန်းကစပြီး အမေရိကန်နိုင်ငံသားတွေဟာ အခွန်အခတွေကို တိုးပြီး ဆောင်ရတော့မှာဖြစ်ပါတယ်။

တနင်္လာနေ့အစောပိုင်းတုန်းကတော့ အခွန်အခဆိုင်ရာ ပြဿနာတွေနဲ့ပတ်သက်ပြီး ရီပတ်ပလင်ကန်တွေဘက်ကရော၊ ဒီမိုကရက်တွေဘက်ကပါ၊ သဘောတူခဲ့တယ်လို့ အထက်လွှတ်တော် ရီပတ်ပလင်ကန် ခေါင်းဆောင် Mitch McConnell က ပြောပါတယ်။
ဒါကြောင့် ဒီအပိုင်းအတွက် သဘောတူညီချက်ကို အရင်ဆုံးအမြန် မဲခွဲပြီးဆုံးဖြတ်ကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ အချက်အားလုံး သဘောတူဖို့ရာလည်း နှစ်ဖက် သိပ်ကိုနီးစပ်နေပြီလို့ သူကပြောခဲ့တာပါ။ သူ့လိုပဲ အမေရိကန်သမ္မတ Barack Obama ကလည်း အောက်လွှတ်တော်အမတ်တွေကြား အပေးအယူတွေရှိနေပြီလို့ ပြောခဲ့ပေမယ့် ဆုံးဖြတ်ချက်ချတဲ့အထိတော့ မရောက်သေးဘူးလို့ ဆိုပါတယ်။

အစိုးရအသုံးစားရိတ်ဖြတ်တောက်ဖို့ကို နောက်မှ ဆုံးဖြတ်ဖို့အတွက် ၊ နောက် ဗုဒ္ဓဟူးနေ့ကျော်မှ ဆုံးဖြတ်ဖို့လည်း ညှိနိူင်းနေတယ်လို့လည်း ပြောပါတယ်။ တကယ်လို့ ညှိနှိုင်းမှုတွေ အဆင်မပြေရင်တော့ ကြွေးမြီ ဘီလီယံငါးရာကျော်အတွက် စပြီး လုပ်ဆောင်ကြရတော့မှာမို့ အမေရိကန်နိုင်ငံဟာ နောက်တချီ စီးပွားရေးကပ်ဆိုက်မယ့်အနေအထားကို ရောက်သွားနိုင်တယ်လို့ ပြောပါတယ်။