ကန်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် Rex Tillerson ကို ရွေးချယ်

ကန်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် Rex Tillerson ရွေးချယ်ခံရ (မတ်လ ၁၄ ရက်နေ့ ၂၀၀၆)

အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က သူ့ရဲ့အစိုးရသစ်လက်ထက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ExxonMobil ကုမ္ပဏီ ဥက္ကဋ္ဌလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်တဲ့ Rex Tillerson ကို လျာထား ရွေးချယ်လိုက်ပါပြီ။ ရုရှားသမ္မတနဲ့ ရင်းနှီးသူ မစ္စတာ Tillerson ဟာ ဒီရေနံကုမ္ပဏီတခုတည်းမှာ ၄၁ နှစ် အလုပ်လုပ်ခဲ့တဲ့သူပါ။

နိုင်ငံတကာ ကုမ္ပဏီကြီးတခုကို လည်ပတ်နိုင်တဲ့ သူ့ရဲ့ ကျွမ်းကျင် အတတ်ပညာတွေဟာ နိုင်ငံခြားရေးဌာနကို အောင်အောင်မြင်မြင် ဦးဆောင်နိုင်ဖို့အတွက် အရေးကြီးတဲ့အရည်အချင်း ဖြစ်တယ်လို့ Trump က ပြောပါတယ်။ Tillerson ရဲ့ ဇွဲလုံ့လ နဲ့ များပြားလှတဲ့ အတွေ့အကြုံတွေ၊ ပထဝီနိုင်ငံရေးကို ထဲထဲဝင်ဝင် နားလည်ထားတာတွေက သူ့ကို နိုင်ငံခြားရေးဝန်ကြီး အဖြစ် ရွေးချယ်ဖို့ အကောင်းဆုံး အချက်တွေပါပဲလို့ Trump ပြောတာကို သူ့ရဲ့ အစိုးရတာဝန်လွှဲပြောင်းယူရေးဆိုင်ရာ အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ Tillerson ဟာ ဒေသတွင်းတည်ငြိမ်းရေး ပိုမိုကောင်းမွန်စေဖို့နဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အဓိကကျတဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားတွေကို အလေးပေး ဆောင်ရွက်မယ့်သူတဦး ဖြစ်တယ်လို့လည်း Trump က ပြောပါတယ်။

အထက်လွှတ်တော်မှာ ရီပါဘလီကန်အားလုံးက Tillerson ကိုထောက်ခံမယ့်ပုံ မရှိတာကြောင့် Trump အနေနဲ့ Tillerson အစား Massachusetts ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney လို ပုဂ္ဂိုလ်မျိုးတွေကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးလိမ့်မယ်လို့ အများက ယူဆခဲ့ကြတာပါ။

ရုရှားသမ္မတ Vladimir Putin နဲ့ Tillerson ကြား ဆက်ဆံရေးဟာ စိုးရိမ်စရာကိစ္စတခု ဖြစ်တယ်လို့ အထက်လွှတ်တော် လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် John McCain က ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ကန်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် Rex Tillerson ကို ရွေးချယ်