ကြွေးမြီကြောင့် အမေရိကန် အမျိုးသား လုံခြုံရေး ထိခိုက်

အမေရိကန် အစိုးရပေါ်မှာ အကြွေးတွေ တိုးတိုးပြီး တင်လာနေတာဟာ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေပြီး အမေရိကန်ဟာ အားနည်းတယ်ဆိုတဲ့ အရိပ်လက္ခဏာ ကျန်တဲ့ကမ္ဘာဆီ ပို့နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောလိုက်ပါတယ်။

အားကောင်းတဲ့ စီးပွားရေးဟာ အမေရိကန် တန်ဖိုးတွေနဲ့ အကျိုးစီးပွားတွေကို အမြဲတမ်း အားဖြည့်ပေးခဲ့တယ်လို့ ဝါရှင်တန်မြို့တော်မှာ ဗုဒ္ဓဟူးနေ့က မိန့်ခွန်းတခု ပြောအပြီး အမေးအဖြေခန်းမှာ မစ်စ် ကလင်တန်က ပြောသွားပါတယ်။ နိုင်ငံအနေနဲ့ အဲဒီ အားသာချက်ကို ဆုံးရှုံးသွားမှာနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တည်းနိုင်စွမ်း ဆုံးရှုံးသွားမှာကို သူစိုးရိမ်တယ်လို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ၂၁ ရာစုမှာ ကျန်တဲ့ ကမ္ဘာကြီးကို ဦးဆောင်နိုင်တယ်၊ ဦးဆောင်မယ်၊ ဦးဆောင်ရမယ်လို့ ဝါရှင်တန်ဒီစီ မြို့တော်က နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အဖွဲ့တခုမှာ ဗုဒ္ဓဟူးနေ့က ပြောတဲ့မိန့်ခွန်းထဲ မစ်စ် ကလင်တန်က ထည့်ပြောသွားပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်တဲ့ လက်လှမ်းမီမှုနဲ့ ခိုင်မာတဲ့ ပိုင်းဖြတ်မှု ရှိတာကြောင့် ကမ္ဘာက အမေရိကန် ပြည်ထောင်စုကို အားကိုးတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောသွားပါတယ်။