အသားအရောင်အလိုက် ဆင်းရဲချမ်းသာ ကွာဟနေမှု အိုဘားမားထောက်ပြ

အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုရဲ့ သမိုင်းမှတ်တိုင် ထူခဲ့တာ အခုဆိုရင် နှစ်ပေါင်း (၅၀) ပြည့်ခဲ့ပါပြီ။ တန်းတူအခွင့်အရေး ရရှိဖို့ ဒေါက်တာ မာတင် လူသာကင်း ဦးဆောင်ပြီး ဝါရှင်တန်မြို့တော်ကို ချီတက်လှုပ်ရှားခဲ့တဲ့ နှစ်ပတ်လည်နေ့မှာတော့ အမေရိကန် ပြည်ထောင်စုက ပထမဆုံး လူမဲ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) လည်း တက်ရောက် မိန့်ခွန်းပြောခဲ့တာပါ။ နှစ်ပေါင်း ၅၀ ကြာ တန်းတူအခွင့်အရေး လှုပ်ရှားမှုတွေ ဒီကနေ့အချိန်မှာ ဘယ်အခြေအနေအထိ ရောက်နေပြီလဲ ဆိုတာကိုတော့ ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ် ၅၀ က အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်ပြီး တန်းတူရေးအတွက် ဝါရှင်တန်မှာ ချီတက်ခဲ့ကြတဲ့ ချီတက်ပွဲက ပေးခဲ့တဲ့ သင်ခန်းစာကတော့ အမေရိကန် ပြည်သူတွေဟာ သမိုင်းအမှားကြားမှာ ပိတ်မိနေသူတွေ မဟုတ်ဘူး၊ ကိုယ့်ကံကြမ္မာရဲ့ အရှင်သခင်၊ ကိုယ့်ဘာသာ ဖန်တီးနိုင်သူတွေ ဖြစ်တယ်ဆိုတာ ပြသခဲ့တာပါဆိုပြီး အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောဆိုပါတယ်။

ဝါရှင်တန်မြို့တော် သမ္မတဟောင်း လင်ကွန်းရဲ့ ရုပ်ထုကြီးရှေ့မှာ ကျင်းပတဲ့ အခမ်းအနားကို လူတွေ သောင်းနဲ့ချီ တက်ရောက်ပါတယ်။ မာတင် လူသာကင်းရဲ့ မိသားစုဝင်တွေအပြင် အမေရိကန် သမ္မတဟောင်း ကလင်တန်၊ သမ္မတဟောင်း ဂျင်မီကာတာတို့လို ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေရော၊ လွန်ခဲ့တဲ့နှစ် ၅၀ က စိတ်ဓာတ်တွေကို ပြန်လည်ခိုင်မာအောင် အသက်သွင်းဖို့ ပြောသွားခဲ့တဲ့ အော်ပရာ ဝင်းဖရီး (Opera Winfrey)၊ ဂျင်မီ ဖော့စ် (Jimy Fox) တို့လို ထင်ရှားတဲ့ သရုပ်ဆောင်တွေ၊ နိုင်ငံသား အခွင့်အရေး လှုပ်ရှားသူတွေ အခမ်းအနားမှာ တက်ရောက်ပါတယ်။ သမ္မတဟောင်း ဘေလ် ကလင်တန်က အခမ်းအနားမှာ အခုလို ပြောပါတယ်။

“နိုင်ငံရေး ယုံကြည်မှုအတွက် ရိုက်တာနှက်တာ သတ်တာဖြတ်တာ ပစ်ခတ်တာမျိုး ကျနော်တို့ မကြုံရတော့ပါဘူး။ နိုင်ငံရေးအရ ဘေးကျပ်နံကျပ် ဖြစ်စေဖို့အတွက် မဟုတ်ဘူးဆိုတာကို ကျနော် လေးလေးစားစား ပြောချင်ပါတယ်။ စောဒက တက်နေကြတာတွေကို အဆုံးသတ်ပြီး အမေရိကန် လူထုအတွက် နောက်ပြန်ဆွဲနေတဲ့ ဂိတ်တံခါးတွေကို ကျနော်တို့ ပုခုံးနဲ့ တိုက်ပြီး ဖွင့်ကြရမယ့် အချိန်တန်နေပါပြီ။”

လူတိုင်းဟာ တန်းတူညီမျှ အခွင့်အရေးကို ပိုင်ဆိုင်ဖို့ ဖန်တီးခံထားရသူတွေ ဖြစ်တယ်။ လွတ်လပ်စွာ အသက်ရှင် ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ပျော်ရွှင်မှုကို ရှာဖွေခွင့် ဒီလို အမှန်တရားနဲ့ အခြေခံမူတွေကို ဖန်တီးသူတွေ ကိုယ်တိုင်က ပေးဆပ်ထားခဲ့တယ်ဆိုတဲ့ တချိန်က မာတင် လူသာကင်း ပြောခဲ့တဲ့ အသုံးအနှုန်းတချို့ကို ပြန်လည် သုံးနှုန်းရင်း သမ္မတ အိုဘားမားက အဓိက မိန့်ခွန်းထဲမှာ ပြောသွားခဲ့တာပါ။

အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ ပေးဆပ်မှုတွေ အများကြီးနဲ့ စွန့်လွှတ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။ ခက်ခဲတဲ့ အတွေ့အကြုံတွေက ရခဲ့တဲ့ သင်ခန်းစာတခုကတော့ တခါတုန်းက ဖရဒ်ရစ် ဒေါက်ဂလပ်စ် (Frederick Dogulas) ပြောခဲ့သလိုပါပဲ။ လွတ်လပ်ရေးဆိုတာ သူများက ပေးတာမဟုတ်ဘူး။ ရုန်းကန်လှုပ်ရှားမှု၊ စည်းကမ်းရှိမှု၊ ခိုင်ကျည်မှု၊ ယုံကြည်မှုတွေနဲ့ ရယူရတာ ဖြစ်တယ်ဆိုပြီး သမ္မတ အိုဘားမားက ပြောသွားခဲ့တာပါ။

“သူတို့ အခုလို ချီတက်ခဲ့လို့ နိုင်ငံသား အခွင့်အရေး ဥပဒေတွေကို အတည်ပြုနိုင်ခဲ့တာပါ။ သူတို့ အခုလို ချီတက်ခဲ့တဲ့အတွက် မဲပေးခွင့် အခွင့်အရေးတွေ လက်မှတ်ရေးထိုးနိုင်ခဲ့တာပါ။ သူတို့ ဒီလို ချီတက်ခဲ့တဲ့အတွက်လည်း သူတို့ သားသမီးတွေအတွက် အခွင့်အလမ်းနဲ့ ပညာရေးဆိုင်ရာ မျှော်မှန်းချက်တံခါးတွေ ပွင့်လာခဲ့ပြီး၊ သူများရဲ့ အဝတ်လျှော်ပေးရ၊ ဖိနပ်တိုက်ပေးရတဲ့ ဘဝကနေ ရုန်းထွက်နိုင်ဖို့ စိတ်ကူးယဉ်နိုင်ခဲ့တာပါ။”

ပြီးခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း လူမဲတွေအတွက် စိတ်တောင်မကူးနိုင်ခဲ့ဘူးလို့
ပြောရမယ့် အောင်မြင်မှုတွေ ရှိခဲ့တယ်ဆိုပေမဲ့လည်း လူမဲတွေအကြား အလုပ်လက်မဲ့ဦးရေ အရေအတွက်ဟာ လူဖြူ အလုပ်လက်မဲ့နှုန်းနဲ့စာရင်
နှစ်ဆလောက် ပိုများနေပြီး လက်တင်အမေရိက တိုက်သားတွေရဲ့ အလုပ်လက်မဲ့နှုန်းက နောက်မှာ ကပ်နေတဲ့အကြောင်း၊ ဆင်းရဲချမ်းသာ ကွာဟမှုကလည်း နည်းမသွားဘဲ ပိုတောင်မှ ကြီးလာခဲ့တယ်လို့ သမ္မတ အိုဘားမား က ထောက်ပြပါတယ်။

အတိတ်က ကျနော်တို့ ရတဲ့ သင်ခန်းစာတွေဟာ မနက်ဖြန်အတွက် မျှော်လင့်ချက်တွေကို မွေးဖွားစေခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောဆိုသွားခဲ့ပါတယ်။

မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အခက်အခဲတွေကြားမှာ ဒီတိုင်းပြည်ကို ချစ်မြတ်နိုးသူတွေက ဖြစ်အောင် ပြောင်းလဲခဲ့ကြပါတယ်ဆိုပြီး သမ္မတ အိုဘားမား အခုလို ပြောဆိုသွားခဲ့ပါတယ်။

“ဘယ်ပြည်နယ်ကပဲဖြစ်ဖြစ်၊ ဘယ်လူမျိုး၊ ဘယ်ဘာသာကိုမဆို ကိုးကွယ်ကြတဲ့ သန်းနဲ့ချီတဲ့ အမေရိကန်တွေ အတူတကွ ညီရင်းအကို စိတ်ဓာတ်မျိုးနဲ့ လက်တွဲမယ်ဆိုရင် ကျနော်တို့ ကျော်ဖြတ်မယ့် တောင်တန်းတွေလည်း နိမ့်ဆင်းသွားပါလိမ့်မယ်။ ကြမ်းတမ်းတဲ့ မြေပြင်တွေလည်း ညီညာပြန့်ပြူးသွားပါလိမ့်မယ်။ ကွေ့ကောက်တဲ့ နေရာတွေကလည်း သာယာလှပစွာနဲ့ ဖြောင့်တန်းသွားမှာ သေချာပါတယ်။ အရင် အနစ်နာခံ ပေးဆပ်ခဲ့ကြသူတွေ ယုံကြည်လက်ခံခဲ့ကြတဲ့ ဒီတိုင်းပြည်ဟာ ဘုရားသခင်ရဲ့ တခုတည်းသော တိုင်းပြည်၊ ခွဲခြားမှုတွေ မရှိနိုင်တဲ့ အားလုံးအတွက် လွတ်လပ်ခြင်းနဲ့ တရားမျှတမှုရှိတဲ့ တိုင်းပြည်၊ ဒီတန်ဖိုးထားမှုတွေရှိတာ သေချာခဲ့ပြီဆိုတာကို ကျနော်တို့ အခိုင်အမာ ပြောနိုင်မှာဖြစ်ပါတယ်။”