NSA ဖုန်း မှတ်တမ်းယူမှု ကန် အောက်လွှတ်တော် တားမြစ်

NASA တယ်လီဖုန်း မှတ်တမ်းယူမှု ဝါရှင်တန်ဒီစီမှာ ဆန္ဒပြ။

အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ NSA က အမေရိကန်နိုင်ငံသားတွေရဲ့ တယ်လီဖုန်းမှတ်တမ်းတွေ စုဆောင်းနေတဲ့ အစီအစဉ်ကို အဆုံးသတ်စေမယ့် အဆိုပြုချက်ကို အောက်လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

USA Freedom Act လို့ခေါ်တဲ့ အဲဒီ ဥပဒေမူကြမ်းဟာ အရင် NSA ဝန်ထမ်းဟောင်း Edward Snowden က လျှို့ဝှက်ချက်တွေ ဖောက်ချလိုက်ပြီး တဲ့နောက် လက်ရှိ တည်ရှိနေတဲ့ လျှို့ဝှက်အချက်အလက် စုဆောင်းမှု ကို ပြင်ဆင်ဖို့ ပထမဆုံးအကြိမ် အဆိုပြုတင်သွင်းတဲ့ ဥပဒေကြမ်း လည်း ဖြစ်ပါတယ်။ Snowden က အမေရိကန် အစိုးရရဲ့ လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်ကို ဖွင့်ချပြလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာက အမျက် ဒေါသ ထွက်ခဲ့ကြတာပါ။

အမေရိကန်နိုင်ငံသားတွေ တယ်ဖုန်းခေါ်ဆိုတဲ့ အချက်အလက်တွေကို အမျိုးသားထောက်လှမ်းရေး အေဂျင်စီက ၅ နှစ် သိမ်းဆည်းထားမယ့် အစီအစဉ်ကို အခု ဥပဒေကြမ်းက ရပ်ဆိုင်းပစ်မှာ ဖြစ်ပါတယ်။ အဆိုပြုချက် အသစ်အရ အမျိုးသားထောက်လှမ်းရေးအေဂျင်စီ NSA အနေနဲ့ အကြမ်းဖက်မှုနဲ့သက်ဆိုင်တဲ့ စုံစမ်း ထောက်လှမ်းမှုတွေ ပြုလုပ်လိုရင် တရားရုံးက ခွင့်ပြုချက် လျှောက်ထားပြီး တယ်လီဖုန်းကုမ္ပဏီတွေထံက ဖုန်းခေါ်ဆိုမှု အချက်အလက်တွေကို တောင်းယူရမှာ ဖြစ်ပါတယ်။

NSA ရဲ့ Hawaii ရုံးခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ Edward Snowden က သူတာဝန်ယူရတဲ့ ကွန်ပြူတာဌာနကတဆင့် NSA ရဲ့ ထောင် သောင်းချီတဲ့ လျှို့ဝှက်အချက်အလက်တွေကို ခိုးထုတ်ပြီး မနှစ်က ဖွင့်ချလိုက်တော့မှသာ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး အများက သိရှိခွင့် ရရှိသွားတာ ဖြစ်ပါတယ်။