အောက်လွှတ်တော် ဥက္ကဋ္ဌ ရှေ့လကုန် အနားယူမည်

အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ဟာ အောက်တိုဘာလ ကုန်မှာ ရာထူးကနေ အနားယူတော့မယ်လို့ သောကြာနေ့က ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ခေါင်းဆောင်မှုအောက်မှာ ကာလရှည်ကြာစွာ အခြေအနေတွေ မတည်မငြိမ် ဖြစ်ပေါ်နေ တာကြောင့် သူ့အနေနဲ့ ရာထူးကို ဆက်လက် ဆုပ်ကိုင် ထားခြင်းအားဖြင့် လွှတ်တော်အတွက် အစားထိုးမရနိုင်တဲ့ ထိခိုက် နစ်နာမှုတွေ ဖြစ်မှာစိုးတဲ့အတွက် အခုလို ရာထူးက အနားယူဖို့ ဆုံးဖြတ် လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူ့အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ ရာထူးကနေ နှစ်ကုန်မှာ အနားယူဖို့ မူလကတည်းက ဆုံးဖြတ်ထားပြီးဖြစ်ပေမယ့် Conservative ရှေးရိုးစွဲဝါဒီတွေက လွှတ်တော်အတွင်း ခြိမ်းချောက်မှုတွေ ပြုနေတဲ့အတွက် အနားယူမယ့် ရက်ကို ရှေ့တိုးလိုက်တာလို့ Ohio ပြည်နယ်ကိုယ်စားပြု လွှတ်တော်အမတ် Boehner က ပြောပါတယ်။

၁၉၉၀ ခုနှစ်ကတည်းက လွှတ်တော်အမတ်အဖြစ် စတင် တာဝန် ထမ်းဆောင် လာခဲ့တဲ့ John Boehner အပေါ် သူ့ရဲ့ ရီပတ်ဘလီကန် ပါတီအတွင်းက လက်ယာစွန်းအုပ်စုတွေက အကြိမ်ကြိမ် တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

Planned Parenthood လို့ခေါ်တဲ့ အမျိုးသမီးတွေ သားဖွားမှုနဲ့ဆိုင်တဲ့ အကူအညီပေးရေး အဖွဲ့ ကို အစိုးရက ရံပုံငွေ ထောက်ပံ့ပေးနေတာကို မရပ်တန့်မချင်း လာမယ့် ဗုဒ္ဓဟူးနေ့ကို ကျော်လွန်ပြီး ပြည်ထောင်စုအစိုးရ ဆက်လက် လည်ပတ်နိုင်မယ့် ဥပေဒကြမ်းတွေကို အတည်ပြုခြင်း မလုပ်ဖို့ Conservative ရှေးရိုးစွဲ ဝါဒီတွေက တောင်းဆိုနေကြတာပါ။ အဲဒီလို တောင်းဆိုမှု အပေါ် လက်တွေ့ဆန်တဲ့ လွှတ်တော်အမတ်တွေက ပယ်ချထားပါတယ်။

လက်ရှိမှာ လက်ထောက် လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်အမတ် Kevin McCarthy ဟာ သင့်တော်မှန်ကန်တဲ့ ဥက္ကဋ္ဌလောင်းဖြစ်တယ်လို့ John Boehner က ပြောပါတယ်။