နောက်တကြိမ် ဟာရီကိန်းမုန်တိုင်းဝင်မယ့် ဖလော်ရီဒါပြည်နယ်မှာ အရေးပေါ်ပြောင်းရွှေ့

ဟာရီကိန်း Helele ဝင်ရောက်ခဲ့တဲ့နောက်အပျက်အစီးများကိုမြင်ရစဉ် (စက်တင်ဘာ ၂၉၊ ၂၀၂၄)

အင်အားပြင်းထန်မယ်လို့ ခန့်မှန်းထားတဲ့ ဟာရီကိန်းမုန်တိုင်း Milton ဖြတ်သန်းတိုက်ခိုက် လာနိုင်တာကြောင့် ဖလော်ရီဒါပြည်နယ်မှာ ဘေးလွတ်ရာ ပြောင်းရွှေ့ နေကြရပါတယ်။ ဟာရီကိန်း Milton ဟာ ဒီနေ့တနင်္လာနေ့ အစောပိုင်းမှာ မက္ကဆီကိုပင်လယ်ကွေ့တောင်ပိုင်းကိုဖြတ်ပြီး၊ အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားနေရာမှာ အင်အားပိုကောင်းလာနိုင်တယ်လို့ အမေရိကန် အမျိုးသားဟာရီကိန်းစင်တာက သတင်းထုတ်ပြန်ထားပါတယ်။ ဖလော်ရီဒါပြည်နယ် Tampa မြို့ကနေ မိုင် ၇၇၀ အကွာ ပင်လယ်ပြင်မှာ လေတိုက်နှုန်း တနာရီ မိုင် ၉၀ လောက်နဲ့ အားကောင်းလာနေတယ်လို့လည်း ပြောပါတယ်။

ဗုဒ္ဓဟူးနေ့လောက်မှာ Tampa ပင်လယ်အော် ကတဆင့် ကုန်းတွင်းပိုင်းကို ဝင်ရောက်နိုင်ပြီး ဟာရီကိန်းမုန်တိုင်းကြီးအဖြစ် ဖလော်ရီဒါအလယ်ပိုင်းကိုဖြတ်ကာ အတ္တလန္တိတ်သမုဒ္ဒရာဘက်ကို ရွေ့လျားသွားဖို့ရှိတယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ မုန်တိုင်းအရှိန်ကြောင့် ဗုဒ္ဓဟူးနေ့ညအထိ အချို့နေရာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးရေချိန် ၃၀ စင်တီမီတာ အထိ ရွာသွန်းနိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။

မကြာသေးခင်ကပဲ Helene ဟာရီကိန်းမုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဖလော်ရီဒါပြည်နယ်မှာ ဟာရီကိန်း Milton ထပ်မံတိုက်ခတ်နိုင်တာကြောင့် အရေးပေါ် ပြောင်းရွှေ့နေကြတာဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း အများဆုံး ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းနကြတာပါ။

၂၀၁၇ ခုနှစ်တုန်းက ဟာရီကိန်း Irma ဝင်ရောက်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ်မှာ လူပေါင်း ၇ သန်းလောက် ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ကြရပြီး အဝေးပြေးလမ်းတွေမှာ လမ်းပိတ်ဆို့မှုတွေ၊ ဓာတ်ဆီဆိုင်တွေမှာ ကားတွေ နာရီနဲ့ချီ တန်းစီစောင့်ဆိုင်းကြရတာတွေလည်း ကြုံခဲ့ရဖူးပါတယ်။

Your browser doesn’t support HTML5

နောက်တကြိမ် ဟာရီကိန်းမုန်တိုင်းဝင်မယ့် ဖလော်ရီဒါပြည်နယ်မှာ အရေးပေါ်ပြောင်းရွှေ့