အမေရိကန်နဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးချင်းတွေ့

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အီရန်နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံစဉ်။ (စက်တင်ဘာ ၂၅၊ ၂၀၁၃)။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ အီရန် နိုင်ငံခြားရေး ဝန်ကြီး ဝန်ကြီး Mohammad Javad Zarif နဲ့ ကြာသပတေးနေ့ က နှစ်ဦးချင်း တွေ့ဆုံပြီး နျူကလီးယား အရေးဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ သမိုင်းကဏ္ဍသစ် တရပ်ကို ဖွင့်လှစ်လိုက်ပါတယ်။

၁၉၇၉ ခုနှစ် အစ္စလမ္မစ် တော်လှန်ရေးမှာ အမေရိကန်တွေ ပြန်ပေးဆွဲ ခံရပြီး နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး လုံး၀ ရပ်ဆိုင်းသွားပြီးချိန်ကစလို့ အခု နယူးယောက်ခ် မြို့က သူတို့ တွေ့ဆုံမှုဟာ အမေရိကန်နဲ့ အီရန် တို့အကြား အဆင့်မြင့်ဆုံး တွေ့ဆုံဆွေးနွေးမှုလည်း ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး Zarif အနေနဲ့ ကမ္ဘာ့ အဓိက အင်အားကြီး နိုင်ငံတွေ နဲ့ တွေ့ဆုံဖို့ အတွက် နယူးယောက်ခ်မြို့ကို လာရောက်တာကို တွေ့ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီက ပြောပါတယ်။ မစ္စတာ Zarif က ဖြစ်နိုင်ဖွယ်ရှိတာတွေကို ချပြခဲ့တယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီနဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီး Zarif တို့ သီးခြား မတွေ့ဆုံခင်မှာ မစ္စတာ Zarif က ကုလ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဂျာမဏီက ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး နျူးကလီးယား အစီအစဉ်ကို ဆွေးနွေးခဲ့ပါတယ်။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague ကတော့ ဆွေးနွေးပွဲက ပေါ်ထွက်လာတဲ့ လေသံနဲ့ စိတ်ဓာတ်က သိပ်ကို ကောင်းမွန်ပြီး အတိတ်ကာလကနဲ့ စာရင် ကြီးမားတဲ့ တိုးတက်မှု ဆိုပြီး ပြောဆိုပါတယ်။ အားလုံးကလည်း နောက်လမှာ ဂျီနီဗာမှာ တွေ့ဆုံကြဖို့ စီစဉ်ထားကြပါတယ်။