ကန်နဲ့အီရန် နျူကလီယား သဘောတူညီမှု လကုန်အမီရရှိရေး ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif တို့ကို အီရန်နျူကလီယားအရေးဆွေးနွေးပွဲမှာတွေ့ရစဉ်။ (မတ် ၁၆၊ ၂၀၁၅)

အီရန်နိုင်ငံရဲ့ နျူကလီယားအစီအစဉ်အဆုံးသတ်ရေး နှစ်ကာလ ရှည်ကြာစွာ ဆွေးနွေးလာပြီးတဲ့နောက် သတ်မှတ်ထားတဲ့ အခုလကုန်ပိုင်းမတိုင်ခင် သဘောတူညီချက်ရနိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif တို့ဟာ ဆွစ်ဇာလန် နိုင်ငံမှာ တနင်္လာနေ့က ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲအတွင်း အမေရိကန် လောင်စာစွမ်းအင်ဝန်ကြီး Ernest Moniz နဲ့ အီရန် နျူကလီယားအကြီးအကဲ Ali Akbar Salehi တို့လည်းပါဝင်ပါတယ်။ ဒီ ဝန်ကြီးနှစ်ဦးဟာ အီရန်နိုင်ငံရဲ့ နျူကလီယားနဲ့ဆိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်တွေကို တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီနဲ့ ၄ နာရီလောက် တွေ့ဆုံအပြီး အီရန်ကိုယ်စားလှယ်အဖွဲ့ဟာ အီးယူဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ Brussels မြို့ကို ဆက်လက် ထွက်ခွာသွားပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီယားအစီအစဉ်ကို အနည်းဆုံး ၁၀ နှစ်လောက် ထိန်းချုပ်ဟန့်တားနိုင်မယ့် အခြေခံသဘောတူညီချက် အခုလမကုန်ခင်မှာ ရနိုင်ဖို့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှားနဲ့တရုတ်နိုင်ငံတို့က ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ သဘောတူညီချက်ရလိုက်ရင်တော့ အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို တဖြည်းဖြည်းချင်း လျှော့ချပေးသွားမှာ ဖြစ်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှာ အပြီးသတ် သဘောတူညီချက်ရနိုင်ဖို့ နှစ်ဘက်စလုံးက သဘောတူထားကြတာပါ။