အီရန်အပေါ် အမေရိကန်ဒဏ်ခတ်မှုအသစ်

အီရန်နိုင်ငံက အခြေမခိုင်ဖြစ်နေတဲ့ ပြည်တွင်းသုံး Rial ငွေကြေးကို ပစ်မှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု အသစ်တွေကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

အီရန်နိုင်ငံသုံး Rial ငွေတွေကို သိလျက်နဲ့ အမြောက်အများ ရောင်းဝယ်နေကြတဲ့ ပြည်ပဘဏ်တွေနဲ့ တခြားလုပ်ငန်းတွေကို အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာ ဖြစ်တဲ့အကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောဆိုခဲ့တာပါ။

Rial ငွေအမြောက်အများကို စုဆောင်းထားတဲ့ ဘဏ်စာရင်းတွေကို လက်ခံ ဖွင့်လှစ်ထားတဲ့ ဘဏ်လုပ်ငန်းတွေကိုလည်း အရေးယူမှာ ဖြစ်ပါတယ်။ အီရန်နိုင်ငံမှာ ထရပ်ကားတွေ အပါအဝင် တခြားယာဉ်တွေ တည်ဆောက်ရာမှာ အသုံးပြုနိုင်တဲ့ အစိတ်အပိုင်းတွေကို ရောင်းချသူတွေ၊ အမေရိကန်က ပစ်မှတ်ထား ဒဏ်ခတ်ထားတဲ့ အီရန်အစိုးရ တာဝန်ရှိသူတွေအတွက် ပစ္စည်းအထောက်အပံ့ ပေးတဲ့သူတွေကိုလည်း ဒဏ်ခတ်လိုက်တာပါ။

အီရန်နိုင်ငံက ငြင်းဆန်ထားပေမဲ့လည်း အများက သံသယရှိနေကြတဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှုတွေကို ဟန့်တားဖို့နဲ့ နိုင်ငံတကာမှာ လိုက်နာရမယ့် စည်းမျဉ်းတွေကို ပျက်ကွက်တဲ့အတွက် အရေးယူမယ်လို့ သမ္မတ အိုဘားမားက ကြေညာထားတဲ့အတိုင်း အခုနောက်ဆုံး ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေကို ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ သမ္မတ အိမ်ဖြူတော်ကတော့ အီရန်နိုင်ငံနဲ့ သံတမန် နည်းလမ်းအရ ဖြေရှင်းဖို့ လမ်းဖွင့်ထားဆဲ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို လက်မခံ အံတုနေမယ်ဆိုရင်တော့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။