အမေရိကန်စစ်သားဟောင်းကို အီရတ် စစ်သွေးကြွတွေ ပြန်လွှတ်

အီရတ်နိုင်ငံက Shi'ite ဘာသာရေးခေါင်းဆောင် Moqtada al-Sadr အပေါ် သစ္စာခံတဲ့ စစ်သွေးကြွအုပ်စုတွေ ပြန်ပေးဆွဲထားတဲ့ အမေရိကန်စစ်သားဟောင်း တစ်ဦးကို ၉ လကျော် ဖမ်းဆီး ထိန်းသိမ်းထားရာက စနေနေ့မှာ ပြန်လွှတ်ပေးလိုက်ပြီး အီရတ်မှာရှိတဲ့ ကုလသမဂ္ဂရုံးကို လွဲပေးလိုက်တယ်လို့ ပြောပါတယ်။

အီရတ်လွှတ်တော်အမတ် ၂ ယောက်နဲ့အတူ အဲဒီ Randy Michael Hultz ဆိုတဲ့ အမေရိကန်နိုင်ငံသားကို al-Sadr အဖွဲ့က အီရတ် ရုပ်မြင်သံကြားတွေမှာ ပြသခဲ့ပါတယ်။ Hultz ကို ကန့်သတ်ချက် တစ်ခုမှမပါဘဲ လွှတ်ပေးလိုက်တာလို့ လွှတ်တော်အမတ် ၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Maha al-Douri ဆိုသူ အမျိုးသမီးက ပြောပါတယ်။

Hultz ကို အခုလို လွှတ်ပေးလိုက်တာဟာ သူ့မိသားစုအတွက် လက်ဆောင်အဖြစ်နဲ့ရော စစ်မှန်တဲ့ အစ္စလာမ်ဘာသာတရားကို ပြသလိုတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

Hultz ကတော့ သူ့အနေနဲ့ အီရတ်မှာ ၂၀၀၃ ခုနှစ်တုန်းက စစ်သားအဖြစ် ၁၅ လ တာဝန်ကျခဲ့တယ်လို့ ဘက်ဂဒတ်မြို့က Green Zone လို့ ခေါ်တဲ့ လုံခြုံ စိတ်ချရတဲ့ ဒေသရဲ့အပြင်မှာ တက်သုတ်ရိုက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် သူ့ကို အမေရိကန် ဆန့်ကျင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ Moqtada ရဲ့ Mahdi တပ်ဖွဲ့နဲ့ လက်အောက်ခံ အကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲသွားတဲ့ ၂၀၁၁ ခု ဇွန်လအထိ အရပ်သားအဖြစ်နဲ့ တခြားလုပ်ငန်းတွေ အီရတ်မှာပဲ လုပ်ဆောင်နေခဲ့တယ်လို့ ဆိုပါတယ်။