ဒုံးကာကွယ်ရေးစနစ် ဂျပန်-အမေရိကန် ပူးတွဲစမ်းသပ်

ဒုံးကာကွယ်ရေးစနစ် ဂျပန်-အမေရိကန် ပူးတွဲစမ်းသပ်

အမေရိကန်နဲ့ ဂျပန်တို့ပူးပေါင်းပြီး တာဝေးပစ် ဒုံးကျည်ကာကွယ်တဲ့စနစ်ကို ပစိဖိတ်သမုဒ္ဒရာထဲမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ နှစ်နိုင်ငံက စစ်တပ်အရာရှိတွေက ပြောပါတယ်။ ဒီစမ်းသပ်မှုကို ဟာဝိုင်အီက Kauai ကျွန်းနဲ့ ၅၃ မိုင် အကွာလောက်မှာ မနေ့က စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

Kauai ကျွန်းအခြေစိုက် အမေရိကန် စစ်တပ်စခန်းကနေ ပစ်လွှတ်လိုက်တဲ့ တာဝေးပစ်ဒုံးကျည်ကို ဂျပန်ရေတပ်ရဲ့ ဖျက်သင်္ဘော JS Kirishima က မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ပြီး တန်ပြန် ကြားဖြတ်ပစ်လိုက်တဲ့ တာဝေးဒုံးကျည်ဟာ ပစိဖိတ်သမုဒ္ဒရာ ရေမျက်နှာပြင်အထက် မိုင် ၁၆၀ မှာ မှန်အောင် ပစ်နိုင်ခဲ့ပါတယ်။

ဒါဟာ မှတ်သားစရာကောင်းလောက်တဲ့ အောင်မြင်မှုဖြစ်တယ်လို့ အမေရိကန်စစ်တပ်ရဲ့ တာဝေးပစ် ဒုံကျည်ကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။

မြောက်ကိုးရီးယာက ဂျပန်ကို တာဝေးပစ်ဒုံးကျည်နဲ့ လှမ်းပစ်ခဲ့ပြီးနောက် အမေရိကန်နဲ့ ဂျပန်ဟာ တာဝေးပစ် ဒုံးကျည်ကာကွယ်တဲ့ စနစ်ကို တည်ထောင်နိုင်ဖို့အတွက် ၁၉၉၈ ခုနှစ်ကတည်းက ကြိုးစားလာခဲ့တာဖြစ်ပါတယ်။