အမေရိကန်၊ ဂျပန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ သဘောတူ

ကာကွယ်ရေးဝန်ကြီး Lloyd Austin နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken, ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa နှင့် ဂျပန်ကာကွယ်ရေးဝန်ကြီး Minoru Kihara

အမေရိကန်နဲ့ ဂျပန် ၂ နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ နောက်ထပ်တိုးမြှင့်ဖို့အတွက် ၂ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးတွေနဲ့ နိုင်ငံခြားရေဝန်ကြီးတွေဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေး သဘောတူလိုက်ကြပါတယ်။

စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်မယ့်အထဲမှာ ဂျပန်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်စခန်း ဌာနချုပ်တွေကို အဆင့်မြင့်တင်ဖို့နဲ့ အမေရိကန် လိုင်စင်ချပေးထားတဲ့ ဒုံးကျည်တွေ ဂျပန်မှာ ပိုပြီးထုတ်လုပ်သွားဖို့လည်း ပါဝင်ပါတယ်။

တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုတွေ တိုးလာနေတဲ့ကြားမှာပဲ မဟာမိတ် ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေလည်း တိုးလာနေတာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa နဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး Minoru Kihara တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

2+2 လုံခြုံရေးဆွေးနွေးပွဲလို့ခေါ်တဲ့ ၂ နိုင်ငံ နိုင်ငံခြားရေး နဲ့ ကာကွယ်ရေးဝန်ကြီးတွေရဲ့ ဒီဆွေးနွေးပွဲကို ဂျပန်-အမေရိကန် လုံခြုံရေးအတိုင်ပင်ခံ ကော်မတီမှာ တွေ့ဆုံခဲ့ကြတာပါ။ ရုရှားနဲ့ တရုတ်နိုင်ငံတွေရဲ့ နျူးကလီးယား ခြိမ်းခြောက်မှုတွေ တိုးလာနေချိန်မှာပဲ၊ အမေရိကန်အနေနဲ့ အနုမြူလက်နက်တွေ အန္တရာယ်ကာကွယ်ရေး တိုးမြှင့်ဖို့ ၂နိုင်ငံ ဝန်ကြီးတွေ ပထမဆုံးအကြိမ် ဆွေးနွေးတာလည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်ဦးရေ ၅ သောင်းရှိပေမယ့်၊ အဲဒီတပ်ဖွဲ့တွေကို အဓိက ကြီးကြပ်ကွပ်ကဲတာက ဟာဝိုင်အီမှာရှိတဲ့ အမေရိကန်ရဲ့ အင်ဒိုပစိဖိတ်စစ်ဌာနချုပ်က ဖြစ်နေတာကြောင့်၊ ၂ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေနဲ့ စစ်ဆင်ရေးလုပ်ငန်းတွေ ပိုပြီအဆင်ပြေချောမွေ့အောင် ဂျပန်က အမေရိကန် စစ်ဌာနချုပ်ကို အဆင့်မြင့်ဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။