I.Sစစ်သွေးကြွအုပ်စုကို နှိမ်နင်းရေး နိုင်ငံတကာညွန့်ပေါင်း ဖွဲ့စည်း လုပ်ဆောင်ဖို့အတွက် မဟာဗျူဟာ ချမှတ်ဆောင်ရွက်မှုဆွေးနွေးမှုတရပ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Philip Hammond တို့က လန်ဒန်မှာ ဒီကနေ့ ဦးဆောင် ပြုလုပ်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲအတွင်းမှာတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius ၊ အီရတ်ဝန်ကြီးချုပ် Haider al-Abadi တို့ အပါအဝင် မဟာမိတ်ညွန့်ပေါင်း အဖွဲ့ဝင်နိုင်ငံတွေက တာဝန်ရှိသူ ၂၀ ဦးခန့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက မဟာမိတ်အဖွဲ့ ဝန်ကြီးတွေ နောက်ဆုံး တွေ့ခဲ့ကြ ပါတယ်။ အဲ့ဒီတုန်းကတော့ အီရတ်တပ်တွေကို ပျိုးထောင်ရေး၊ နိုင်ငံခြားက တိုက်ခိုက်ရေးသမားတွေ ဝင်ရောက်မှုဟန့်တားရေး၊ စစ်သွေးကြွတွေဆီ ငွေကြေး စီးဆင်းထောက်ပံ့မှုတွေကို ဖြတ်တောက်ရေး၊ အတွေးအခေါ်အရတန်ပြန်ဖို့နဲ့ လူသားချင်းစာနာကူညီမှုလိုအပ်ချက်တွေ ဆောင်ရွက်ရေးကိစ္စတွေပါဝင်တဲ့ အချက်ငါးချက်ပါ အစီအစဉ်ကို ဆုံးဖြတ်ခဲ့ကြပါတယ်။
အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်နက်ကိုင် သူပုန် ထောင်ဂဏန်းကို သုတ်သင်နိုင်ခဲ့သလို၊ စစ်သွေးကြွတွေအနေနဲ့ တိုက်ခိုက်ရေးကနေ ခုခံရေး စစ်ဖက်ကို ပြောင်းလာရတာကြောင့် စစ်သွေးကြွတွေရဲ့ အရှိန်အဟုန်ကို တားဆီးနိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။