ဒေါ်လာသန်း ၁,၀၀၀ ဆု အမေရိကန် Mega Million ထီ သောကြာည ဖွင့်မည်

ဒီနေ့ည ဖွင့်မယ့် Mega Million ထီ ဝယ်ယူနေသူ အမျိုးသမီးတဦး

အမေရိကန်ပြည်ထောင်စုက Mega Millions လို့ခေါ်တဲ့ ထီအမျိုးအစားရဲ့ သမိုင်းတလျှောက်မှာ ဆုကြေးအများဆုံးဖြစ်တဲ့ ပထမ ဆု ဒေါ်လာ သန်း ၁,၀၀၀ နီးပါးကို ဒေသစံတော်ချိန် သောကြာနေ့ညဘက်မှာ ဖွင့်မှာဖြစ်ပါတယ်။

ဒီဆုကြေးဟာ အမေရိကန် ထီသမိုင်းအားလုံးနဲ့နှိုင်းယှဉ်ရင်တော့ ဒုတိယအများဆုံး ဆုကြေးပါ။ ဆုကြေးအများဆုံးအဖြစ် စံချိန် တင်ထားတာကတော့ ၂၀၁၆ ခုနှစ်က Power Ball ထီ ပထမဆုကြေး ဒေါ်လာ ၁.၅၉ ဘီလီယံဖြစ်ပါတယ်။

Mega Millions ထီ ပထမဆုကြေးကို ပေါက်နိုင်ခြေဟာ အဆပေါင်း သန်း ၃၀၀ ကျော်မှာ ၁ ဆပဲရှိပေမယ့်လည်း အိပ်မက်ကိုယ်စီ နဲ့ လူသန်းပေါင်းများစွာကတော့ ထီလက်မှတ် ရောင်းတဲ့ ဆိုင်တွေမှာ တန်းစီစောင့်ပြီး ထီထိုးကြပါတယ်။

တကယ်တမ်းကျတော့ ဒီ ပထမထီဆုကိုပေါက်နိုင်ခြေဟာ အမျိုးသားမိုးလေဝသဌာနက နှစ်တနှစ်အတွင်းမှာ မိုးကြိုးပစ်ခံရနိုင်ခြေ ကို အဆ ၁ သန်းကျော်မှာ ၁ ဆအဖြစ် ခန့်မှန်းထားတာထက်တောင်မှ နည်းပါသေးတယ်။ တနည်းအားဖြင့်ပြောရရင် ထီပေါက် နိုင်ခြေထက် မိုးကြိုးပစ်ခံရနိုင်ခြေက ပိုများတဲ့သဘောပါ။

ဂဏန်းတလုံးချင်း ဒါမှမဟုတ် ဂဏန်းတွဲအဖြစ် စုစုပေါင်း ခြောက်ခုပါတဲ့ ထီလက်မှတ် တစောင်ရဲ့တန်ဖိုးက အနည်းဆုံး နှစ် ဒေါ်လာပါ။ ပထမဆုပေါက်တဲ့ ထီလက်မှတ် ပိုင်ရှင် အနေနဲ့ တကြိမ်ထဲနဲ့ ထီဆုငွေပေါင်း ၅၄၈ သန်းကို ထုတ်ယူဖို့ ရွေးချယ်နိုင်သလို နှစ် ၃၀ အတွင်း အရစ်ကျ ထုတ်ယူသွားဖို့လည်း ရွေးချယ်နိုင်ပါတယ်။

ထီဆုရှင်နေထိုင်တဲ့ ပြည်နယ်ပေါ်မူတည်ြ့ပီး ဖက်ဒရယ်၊ ပြည်နယ်နဲ့ ဒေသဆိုင်ရာ အခွန်တွေကို ပေးဆောင်ရမှာလည်းဖြစ်ပါ တယ်။ ဥပမာအားဖြင့် ကာလီဖိုးနီးယား ပြည်နယ်မှာ နေထိုင်သူဆိုရင် အခွန်ပေးပြီးတဲ့နောက် ထီဆုငွေ ဒေါ်လာ ၂၇၂ သန်း ရမယ် လို့ အခွန်ဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီတခုဖြစ်တဲ့ H&R Block ကပြောပါတယ်။

သောကြာညမှာထွက်မယ့် Mega Millions ထီဆုနဲ့ လွဲသွားသူတွေအနေနဲ့ စနေညမှာ ထွက်မယ့် ပထမဆု ဒေါ်လာ သန်း ၄၃၀ ရှိတဲ့ Powerball ထီကို ဆက်ပြီး မျှော်လင့်နိုင်ဦးမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ စုစုပေါင်း ပြည်နယ် ၅၀ နဲ့ ပြည်နယ်မဟုတ်တဲ့ဒေသတွေ ထဲက ပြည်နယ် ၄၄ ခုနဲ့ ဝါရှင်တန် ဒီစီ၊ U.S. Virgin Islands တို့မှာ Mega Millions နဲ့ Powerball ထီတွေကို ထိုးနိုင်ပါတယ်။

Your browser doesn’t support HTML5

ဒေါ်လာသန်း ၁,၀၀၀ ဆု အမေရိကန် Mega Million ထီ သောကြာည ဖွင့်မည်