အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်က မရိန်းတပ်သားတွေပါဝင်နေတဲ့ မူးယစ်ဆေးဝါး နဲ့ လူကုန်ကူးမှု မှောင်ခိုလုပ်ငန်းကို ရေတပ်အရာရှိတွေနဲ့ ရေတပ် ရာဇဝတ်မှုခင်းစုံစမ်းရေးဌာန NCIS တို့က ဖြိုခွဲဖို့ ကြိုးစားနေတာတွေ့ရပါတယ်။
ကြာသပတေးနေ့ အစောပိုင်းက San Diego မြို့နဲ့ မိုင် ၅၀ လောက်အကွာမှာ ရှိတဲ့ Camp Pendleton အခြေစိုက်တပ်ရင်း ကို မရိန်းတပ်သား တရာကျော်ကို လာရောက်ဖို့ ဆင့်ခေါ်ခဲ့ပြီးတဲ့နောက် မရိန်းတပ်သား ၁၆ ယောက်ကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
ရေတပ် Marine Corps အဖွဲ့ရဲ့ ပြောကြားချက်အရ ဆိုရင်တော့ အခုလို ဖမ်းဆီးမှုဟာ မကြာသေးခင်က လူမှောင်ခိုမှု ၂ မှုကို ဖမ်းဆီးနိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲ ဖြစ်တဲ့အတွက် နောက်ထပ် အချက်အလက်တွေကိုတော့ မထုတ်ပြန် နိုင်သေးဘူးလို့ ရေတပ်နဲ့ NCIS အရာရှိတွေက ပြောပါတယ်။
ဖမ်းဆီးတာ ဒါမှမဟုတ် မေးမြန်းဖို့ထိန်းသိမ်းတာ ခံရတဲ့ ဘယ်မရိန်းတပ်သားမှ အမေရိကန် အနောက်တောင်ပိုင်း နယ်စပ်ဒေသ အထောက်ကူပေးရေး အဖွဲ့အတွက် တာဝန်ထမ်းဆောင်နေသူ မဟုတ်ဖူးလို့လည်း Marine Corps အဖွဲ့က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
အခုနောက်ဆုံး ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး ဘာစွဲချက်မှ မတင်သေးပါဘူး။ မေးမြန်းဖို့အတွက် ခေါ်ဆောင်သွားခဲ့တဲ့ နောက်ထပ် မရိန်းတပ်သား ၈ ဦးကတော့ မူးယစ်ဆေးဝါး ဆိုင်ရာအမှုနဲ့ မသက်ဆိုင်ဘူးလို့လည်း Marine Corps ကပြောပါတယ်။
အီရတ်မှာ စေလွှတ်ထားတဲ့ Navy SEAL အထူးတပ်ဖွဲ့ကို စည်းကမ်းနဲ့အမိန့်မနာခံတဲ့ အနေထားတွေ့ရတယ် ဆိုတဲ့ သံသယနဲ့ အမေရိကန်ပြည်ထောင်စုကို သတ်မှတ်ရက်ထက်စောပြီး ပြန်ခေါ်ယူခဲ့တယ်လို့ အမေရိကန် အထူးစစ်ဆင်ရေးတပ်မှူးက ကြေညာခဲ့ပြီး နောက်တနေ့မှာပဲ အခုလို ဖမ်းဆီးမှု ဖြစ်ပွားခဲ့တာပါ။
ဒီအထူးတပ်သား ၂၀ လောက်ဟာ တာဝန်ချိန်မှာ အရက်သောက်ခွင့် မပြုတဲ့အမိန့်ကို ချိုးဖေါက်မှုနဲ့ စုံစမ်းစစ်ဆေးမှု ခံနေရတယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။ အရှေ့အလယ်ပိုင်း ဒေသတွင်း မြေပြင်တိုက်ခိုက်ရေးအတွက် စေလွှတ်ခြင်းခံရချိန်မှာ အရက်သေစာသောက်စားမှုကို တားမြစ်ထားတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
ကန် မရိန်းတွေပါဝင်တဲ့ မူးယစ်ဆေးနဲ့ လူမှောင်ခိုဂိုဏ်း