ရှီကျင့်ပင် ခရီးစဉ် အကြို Susan Rice တရုတ်ပြည် သွား

အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး Susan Rice တရုတ်သမ္မတ ရှိကျင်းပင် နဲ့ တွေ့ဆုံ (သြဂုတ် ၂၈၊ ၂၀၁၅)

တရုတ်သမ္မတ Xi Jinping အမေရိကန်နိုင်ငံကို ရှေ့လအတွင်း လာရောက်ဖို့ အတွက် နှစ်နိုင်ငံအကြား ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့အချိန်မှာပဲ လွန်ခဲ့တဲ့ နှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မတူညီမှုတွေကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးဖြစ် ခဲ့တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးက ပြောပါတယ်။

အမျိုးသားလုံခြုံရေး အကြံပေး Susan Rice ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ ကို ရောက်ရှိနေတာဖြစ်ပြီး သမ္မတ ရှိကျင်းပင်နဲ့ တွေ့ဆုံခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ယန်ဂျီးချီအပါအဝင် တခြား တရုတ်အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံအကြား တည်ရှိနေတဲ့ ကွဲပြား ခြားနားမှုတွေကို ထိရောက်စွာ ဖြေရှင်းဖို့ လိုတယ်ဆိုတာကို နှစ်ဖက်စလုံးက အသိအမှတ်ပြု လက်ခံကြောင်း Susan Rice က ပြောပါတယ်။

အမေရိကန်သမ္မတ Barack Obama နဲ့ စက်တင်ဘာလ အတွင်း တွေ့ဆုံပြီး ဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်လိုကြောင်း သမ္မတ ရှီကျင်းပင်က ပြောပါတယ်။

သမ္မတ ရှီကျင်းပင်ဟာ သမ္မတ အိုဘားမားနဲ့ ဝါရှင်တန် ဒီစီမြို့မှာ တွေ့ဆုံပြီး နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း မိန့်ခွန်း ပြောကြားဖို့ ရှိပါတယ်။ နှစ်နိုင်ငံအကြား ပိုမို အကျိုးဖြစ်ထွန်းတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ အမေရိကန်နဲ့ တရုတ်အရာရှိတွေ အာရုံစိုက် လုပ်ဆောင်နေကြ တာလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။