အမေရိကန်ပြည်ထောင်စုက နျူကလီးယားစစ် ဟန့်တားရေးအတွက်လုပ်နေတာ ဆိုတဲ့ နျူကလီးယား လက်နက်အစီအစဉ် ကိုအဆင့်မြှင့်တင်ရေးအတွက် လာမယ့် ၅ နှစ်အတွင်း ဒေါ်လာသန်းပေါင်း ၁၀၈ ဘီလျံတန် စီမံကိန်း ချမှတ်ထားပါတယ်။ ဒီစီမံကိန်းအတွက် ကာကွယ်ရေးဝန်ကြီး Ash Carter ဟာ New Mexico ပြည်နယ် ကို သွားရောက် ဆွေးနွေးရာမှာ လိုက်ပါသွားခဲ့တဲ့ VOA သတင်းထောက် Carla Babb က အကြီးမာဆုံး နျူကလီးယား စခန်းဖြစ်တဲ့ Kirtland လေတပ်စခန်း က ပေးပို့တဲ့ သတင်းလွှာကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။
Kirtland လေတပ်အခြေစိုက်စခန်းထဲက Sandia အမျိုးသား ဓါတ်ခွဲခန်းကြီး ထဲမှာ နျူကလီးယား လက်နက်လုပ် ပစ္စည်းကရိယာတွေ လည်ပတ် လှုပ်ရှားနေတာ ထုထောင်းနေတာ၊ ပေါက်ကွဲနေတာတွေအထိ တွေ့မြင်နေရပါတယ်။
ဒါတွေအားလုံးဟာ အစုလိုက်အပြုံလိုက်ရှိနေတဲ့ အမေရိကန် စစ်တပ် နျူကလီးယား လက်နက်တွေကို ခေတ်မှီလာအောင် လုပ်ဆောင်နေတာတွေဖြစ်ပါတယ်။ ဒါဟာ သူတို့ကာကွယ်ရေးဝန်ကြီးဌာနအတွက် ထိပ်တန်းဦးစားပေးလုပ်ငန်းဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter က အခုလိုပြော ပါတယ်။ နျူကလီးယားလုပ်ငန်းတွေဟာ အမေရိကန်လုံခြုံရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်ပါတယ် လို့ ပြောသွားတာပါ။
အခုအခါ အမေရိကန်ပြည်ထောင်စုက နျူကလီးယားလက်နက်တွေကို နည်း ၃ နည်းနဲ့ ပစ်ခတ်နိုင်ပါတယ်။ တိုက်ခြင်းပစ် ပဲ့ထိန်းတပ် ဒုံးကျည်တွေနဲ့ မြေပြင်က ပစ်လွှတ်တဲ့ နည်း၊ နျူကလီးယားလက်နက်တွေကို ဗုံးကြဲလေယာဉ် ဒါမှမဟုတ် ဂျက်တိုက်လေယာဉ် တွေမှာ သယ်ဆောင်ပြီး ဝေဟင်က ပစ်ခတ်တဲ့ နည်း၊ ရေငုတ်သဘောၤတွေက သမုဒ္ဒရာထဲမှာ လှည့်လည်ရင်း ရေထဲက ပစ်ခတ်တဲ့နည်းတို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ ၃ နည်းစလုံးဟာ အခုအခါမှာ ခေတ်နောက်ကျ သွားပြီဖြစ်တဲ့ အတွက် ခေတ်မှီအောင်ပြန်လုပ်ဖို့ လိုအပ်လာနေပါပြီ။ ဒီဓါတ်ခွဲခန်းတွေထဲမှာ အခုထုတ်လုပ်နေတဲ့ ဗုံးအသစ်တွေ ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက ရှိလာတဲ့ နည်းပညာတွေ ကို ခေတ်သစ် ပစ္စည်းတွေ တပ်ဆင်ပြီး ခေတ်မှီအောင် လုပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ ပြည့်လောက်ကျမှ သုံးနိုင်တဲ့ အဆင့်ကိုရောက်ရှိလာပါလိမ့်မယ်။
တိုက်ခြင်းပစ် ပဲ့ထိန်းတပ် ဒုံးကျည်စနစ်ကိုတော့ လုံး၀ အသစ်အဆန်းဖြစ် လာအောင်ပြန် ပြင်ရမှာဖြစ်တယ်လို့ လုံခြုံရေးသိပ္ပံနဲ့ နည်းပညာဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း William Schneider က အခုလိုပြောပါတယ်။ “ဒီဟာတွေက ဟိုတုန်းကတော့ အဆင့်အမြင့်ဆုံးဖြစ်ခဲ့တယ်ဆိုတဲ့ floppy disks တွေ အခုရှေးဟောင်းပစ္စည်းအဆင့် ရောက်နေတဲ့ ကွန်ပြူတာတွေနဲ့ သုံးနေရဆဲပါ။”လို့ သူကပြောသွားတာပါ။
အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter ကတော့ အမေရိကန်ပြည်ထောင်စု ဟာ နျူကလီးယားလုပ်ငန်းကို ပစ်ပယ်ထားခဲ့တာ နှစ်အတန်ကြာခဲ့ပြီလို့ ဆိုပါတယ်။ “ဒါတွေကို အစောပိုင်းက မလုပ်ဖြစ်ခဲ့တာက ရှင်းရှင်းပြောရရင် လွန်ခဲ့တဲ့ ၁၅ နှစ်လုံးလုံး ကျနော်တို့က အီရတ်ပြဿနာ ၊ အာဖဂန် ပြဿနာတွေနဲ့ အလုပ်ရှုပ်နေခဲ့တယ်။”လို့ သူကပြောသွားခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုဟာ ဒီလို နှောင့်နှေးကြန့်ကြာနေတဲ့အတွက် တခြား နျူကလီးယားအင်အားကြီးနိုင်ငံတွေထက် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပြီလို့ ကျွမ်းကျင်သူတချို့ကဆိုပါတယ်။
လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း William Schneider က အခုလိုပြောတာပါ။ “ကျနော်တို့ရဲ့ နျူကလီးယားခေတ်မှီရေး အစီအစဉ်ဟာ ရရှားနဲ့ တရုတ်တို့ရဲ့ ခေတ်မှီရေးအစီအစဉ် ပြီးမြောက်လို့ နောက်အနှစ် ၂၀ ကြာမှပဲ ပြီးပြည့်စုံပါလိမ့်မယ်။”လို့ သူကပြောတာပါ။
တခြား ကျွမ်းကျင်သူတွေကတော့ နျူကလီးယားခေတ်မှီရေးအစီအစဉ်ကို အခုပဲ လုပ်ရတော့မယ်။ မလုပ်လို့ရှိရင် အမေရိကန်ပြည်ထောင်စုရဲ့ နျူကလီးယား ယန္တရားဟာ မထိရောက်ပဲ အားမထားလောက်အောင် ဖြစ်သွားလိမ့်မယ်လို့ ဆိုနေကြပါလေရဲ့။
ကြည်း ၊ရေ ၊ လေ ၃ နည်းစလုံးနဲ့ ပြင်ဆင်ထားတဲ့ နျူကလီးယား စစ်ဟန့်တားရေး ဆိုတဲ့ ဒီအပိုင်းအားလုံးဟာ နောင်လာမယ့် ဆယ်စုနှစ်မှာ အသုံးပြုလို့ ရနိုင်တော့မှာ မဟုတ်ဘူးလို့လည်းပြောနေကြကြောင်းပါခင်ဗျား။
Your browser doesn’t support HTML5