အမေရိကန် နှောင်ကြိုးပါတဲ့ အထောက်အပံ့ ပါကစ္စတန် လက်မခံနိုင်

Para pengunjuk rasa bentrok dengan polisi anti huru hara selama protes terhadap Perdana Menteri Turki Tayyip Erdogan di Istanbul, Turki.

ပါကစ္စတန်နိုင်ငံကို ပေးမယ့် စစ်ဘက်ဆိုင်ရာ အကူအညီ ဒေါ်လာ သန်း ၈၀၀ ကို မပေးဘဲ ရပ်ဆိုင်းထားဖို့ အမေရိကန်က ဆုံးဖြတ်လိုက်တဲ့အပေါ် ပါကစ္စတန်က ဝေဖန် ပြောဆိုလိုက်ပြီး အဲဒီလို ရပ်တန့်ထားတဲ့အတွက် သူတို့ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိခိုက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ကန့်သတ်ချက်တွေနဲ့ ပေးတဲ့ အကူအညီဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ဗွီအိုအေနဲ့ တနင်္လာနေ့က ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း ပါကစ္စတန်စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး အတ်သာ အာဘတ်စ် (Athar Abbas) က ပြောပါတယ်။ တိုင်းပြည်အတွင်းက လူမျိုးစု ဒေသတွေမှာ ရှိတဲ့ အယ်လ်ခိုင်းဒါး (Al Qaida) နဲ့ တာလီဘန် သောင်းကျန်းသူတွေအပေါ် ပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေကို ပြင်ပအကူအညီ မပါဘဲ သူတို့မှာရှိတဲ့ လက်နက် ခဲယမ်းမီးကျောက်တွေနဲ့ပဲ တိုက်ခိုက်နေတယ်လို့ သူက ပြောပါတယ်။

အကြမ်းဖက်မှုဟာ ပါကစ္စတန်ရော အမေရိကန်ကိုပါ ခြိမ်းခြောက်နေတာဖြစ်ပြီး ဘုံရန်သူကို တိုက်ခိုက် အနိုင်ယူတာဟာ နှစ်နိုင်ငံစလုံးအတွက်တင်သာ မကဘဲ တကမ္ဘာလုံးအတွက် ကောင်းမွန်တဲ့ရလဒ် ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး အာဘတ်စ်က ပြောပါတယ်။

ပါကစ္စတန်ကိုပေးမယ့် အကူအညီတွေ အခုလို ရပ်ဆိုင်းထားလိုက်တာဟာ အမေရိကန် အစိုးရရဲ့ မူဝါဒ ပြောင်းလဲလိုက်တာ မဟုတ်ဘဲ ပါကစ္စတန်နဲ့ လက်တွဲလုပ်ဆောင်တဲ့ နေရာမှာ ပါကစ္စတန်ဘက်ကလည်း ပူးပေါင်း လုပ်ဆောင်တာမျိုး ဖြစ်သင့်တယ် ဆိုတာကို မီးမောင်းထိုးပြလိုက်တာသာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ဝါရှင်တန်မှာ တနင်္လာနေ့က ပြောပါတယ်။

အမေရိကန်က အခုလို အကူအညီတွေ ရပ်ဆိုင်းထားလိုက်တာဟာ ပါကစ္စတန်မှာ ရှိနေတဲ့ အမေရိကန် စစ်သင်တန်းမှူးတွေကို ပြန်မောင်းထုတ်တဲ့ ကိစ္စနဲ့ အမေရိကန် နိုင်ငံသားတွေအပေါ် ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်လိုက်တာတွေကြောင့် ဖြစ်တယ်လို့ ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဒေးဗစ် လာပန် (David Lapan) က ပြောပါတယ်။