အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေး တိုးတက်ဖို့ဆွေးနွေး

ပါကစ္စတန်နိုင်ငံထဲမှာ အမေရိကန်က မောင်းသူမဲ့ Drone ယာဉ်တွေသုံးပြီး တိုက်ခိုက်နေတာကိုရပ်ဖို့ ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ် ရှရစ်ဖ် (Nawaz Sharif) က အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကို တောင်းဆိုလိုက်ပါတယ်။

ပါကစ္စတန် ပြည်သူတွေကြား ကျယ်ကျယ်ပြန့်ပြန့် မကျေမနပ် ဖြစ်နေကြတဲ့ ဒီလိုတိုက်ခိုက်မှုတွေ လုပ်နေတာ အဆုံးသတ်ဖို့ လိုပြီလို့ ဝန်ကြီးချုပ် ရှရစ်ဖ် က သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီး ပြောကြားခဲ့ပါတယ်။

သမ္မတ အိုဘားမားကတော့ Drone ယာဉ်တွေအကြောင်း သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ တစုံတရာ ပြောခြင်းမရှိပါဘူး။ သမ္မတက ပါကစ္စတန်မှာ အကြမ်းဖက်မှုကို နှိမ်နှင်းနေရတဲ့ ကိစ္စကိုသာ အဓိကပြောခဲ့တာမှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ပါကစ္စတန် ၄ သောင်းကျော် သေဆုံးခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်မှာ အကြမ်းဖက်မှုတွေ လျော့ကျသွားစေဖို့နဲ့ နိုင်ငံခြားကို အကြမ်းဖက်မှုတွေ ပျံ့နှံ့မသွားအောင်လုပ်ဖို့ ဝန်ကြီးချုပ် ရှရစ်ဖ် က သန္ဓိဌာန် ချထားတယ်ဆိုတာကို သိပါတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

အချုပ်အခြာအာဏာနဲ့ ပိုင်နက်တည်မြဲမှုတို့အပေါ် လေးစားတဲ့ မူအပေါ်မှာ အခြေခံတဲ့ ဆက်ဆံရေးဖြစ်တယ်လို့ ခေါင်းဆောင် ၂ ယောက်ရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရှေ့နှစ် အမေရိကန် တိုက်ခိုက်ရေးတပ်တွေ ရုပ်သိမ်းတော့မယ့် အာဖဂန်နစ္စတန် နိုင်ငံအပေါ် ယုံကြည်ချက်ထားရှိတာဟာ အာဖဂန်နိုင်ငံအတွက် ကောင်းမွန်ရုံသာမက ပါကစ္စတန် အတွက်လည်း ရေရှည်မှာ အကာအကွယ်ပေးရာ ရောက်တယ်လို့ သမ္မတ အိုဘားမား ကပြောပြီး အာဖဂန်နိုင်ငံကိစ္စအတွက် မစိုးရိမ်ဖို့ ဝန်ကြီးချုပ် ရှရစ်ဖ် ကို ထပ်မံ ပြောကြားခဲ့တယ်လို့ ပြောပါတယ်။