မြန်မာ့အရေးမှာ အမေရိကန်မူဝါဒပြတ်သားဖို့လို

သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် အထက်လွှတ်တော်အမတ် မချ် မက်ကောနဲ

မြန်မာစစ်တပ်ရဲ့ အဆင့်မြင့် အရာရှိတဦးကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ဆောင်လိုက်ပြီး တပြိုင်နက်တည်းမှာပဲ မြန်မာအစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံမှုတွေ ဆက်ပြီး လုပ်ဆောင်နေတာဟာ သဘာဝမကျတဲ့ အနေအထား ဖြစ်တယ်လို့ မြန်မာ့အရေး သုံးသပ်သူ တဦးက ဝေဖန်လိုက်ပါတယ်။ ကာကွယ်ရေးဌာန ပစ္စည်းထုတ်လုပ်ရေးရုံးရဲ့ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး ကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်ပြီးကာမှ အမေရိကန် အစိုးရ အနေနဲ့ အပြောနဲ့ လက်တွေ့လည်း ကိုက်ညီဖို့ လိုတယ်လို့ Heritage Foundation ရဲ့ အာရှရေးရာဌာန ညွှန်ကြားရေးမှူး Walter Lohman က ဝေဖန်ခဲ့တာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မအေးသန္တာကျော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အမေရိကန် အစိုးရရဲ့ ရည်ရွယ်ချက်တွေ ပြည့်မှီဖို့ဆိုရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် စံနှုန်းစံထားတွေကို သေချာချပြပြီး၊ ဒါတွေကို မပြည့်မီနိုင်ရင် ဘယ်လိုအကျိုးဆက်နဲ့ ရင်ဆိုင်ရမလဲဆိုတာ သတ်မှတ်တဲ့ မူဝါဒတခု လိုအပ်ပါတယ်လို့ အမေရိကန် အခြေစိုက် Heritage Foundation အဖွဲ့ရဲ့ အာရှရေးရာဌာန ညွှန်ကြားရေးမှူး Walter Lohman ကပြောသွားပါတယ်။

မြန်မာနိုင်ငံက Directorate of Defense Industries (DDI) ခေါ် ကာကွယ်ရေးဌာန ပစ္စည်းထုတ်လုပ်ရေးရုံးရဲ့ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး ကို မြောက်ကိုရီးယားနဲ့ မြန်မာကြား လက်နက်ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်မှုကြောင့် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်နေ့ကပဲ ကြေညာသွားတာပါ။

ဒီအရေးယူဆောင်ရွက်မှုဟာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး ကိုပဲ အဓိက ပစ်မှတ်ထားတာ ဖြစ်ပြီးတော့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ ဆက်ပြီးတော့ လျှောက်လှမ်းနေတဲ့ မြန်မာအစိုးရ အပေါ်မှာ ပစ်မှတ်ထားတာ မဟုတ်ပါဘူးလို့ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။ ဒါဆိုရင်တော့ အမေရိကန် အစိုးရရဲ့ သဘောထားက တော်တော်ကို ထူးဆန်းနေပါတယ်လို့ Mr Walter ကထောက်ပြပါတယ်။

“DDI ဌာနနဲ့ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးတို့က အစိုးရမသိဘဲ သူတို့သဘောနဲ့ချည်းသက်သက် မြောက်ကိုရီးယားရဲ့ လက်နက်တွေကို ဝယ်ယူလို့ မရပါဘူး။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး ဦးဆောင်တဲ့ DDI ဌာနဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တစိတ်တဒေသပါ။ မြန်မာကာကွယ်ရေးဝန်ကြီးဌာနကလည်း မြန်မာအစိုးရရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြဿနာဟာ လူပုဂ္ဂိုလ် တဦးတယောက်နဲ့ပဲ ဆိုင်တဲ့ပြဿနာ မဟုတ်ပါဘူး။ မြန်မာအစိုးရနဲ့ ဆိုင်တဲ့ကိစ္စပါ။ မြန်မာအစိုးရခေါင်းဆောင်တွေပဲ ဒီကို လာလာ၊ ဒီက ခေါင်းဆောင်တွေပဲ မြန်မာပြည်ကို သွားသွား၊ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပြတ်တောက်ဖို့ လုပ်ဆောင်နေပါတယ်ဆိုပြီး အာမခံပြောဆိုနေပြီး တဘက်မှာကျတော့လည်း သူတို့အစိုးရရဲ့ ကိုယ်စားလှယ်တယောက်က မြောက်ကိုရီးယားနဲ့ လက်နက်အရောင်းအဝယ် လုပ်နေတာမျိုး ဘယ်လုပ်လို့ရပါ့မလဲ။ တကယ်တမ်းကျတော့ မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားကြားမှာ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုရှိနေတုန်းပါပဲ။”

Heritage Foundation အဖွဲ့က အာရှရေးရာ ဒါရိုက်တာ Walter Lohman ပြောသွားတာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး မြန်မာနိုင်ငံရဲ့ အနေအထားကို လက်ခံတယ်ဆိုရင်တော့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ချမှတ်ထားတဲ့ မူဝါဒကို မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အဲ့ဒီလို အနေအထားမျိုးကိုလည်း အမေရိကန် မူဝါဒ ချမှတ်သူတွေက လုံး၀ မလိုလားပါဘူးလို့ မစ္စတာ လိုမန် ကပဲ ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရက ဖြစ်စေချင်တဲ့ ပုံစံအတိုင်း လိုက်ပြီး လုပ်နေကြတာကတော့ အခုတော့ လွှတ်တော်လည်း ဘာလုပ်သင့်တယ်ဆိုတာ သတိရလာပါပြီ။ ဒီ မြောက်ကိုရီးယား မြန်မာကိစ္စကို နှစ်ပေါင်းများစွာ အလေးထားပြီး လုပ်ဆောင်ခဲ့တဲ့သူတွေ ရှိပါတယ်။ ဥပမာ အထက်လွှတ်တော်အမတ် မချ် မက်ကောနဲ ပါ။ မစ္စတာ မက်ကောနဲ ကလည်း အစိုးရသဘောအတိုင်း လိုက် ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ကျနော် ပြောခဲ့သလိုပါပဲ လွှတ်တော်ထဲမှာလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး စိတ်ပူနေကြတဲ့သူတွေ ရှိပါတယ်။ အထူးသဖြင့် အခုလို မြန်မာနဲ့ မြောက်ကိုရီးယားရဲ့ စစ်ရေးဆက်ဆံမှုတွေ လက်နက်ရောင်းဝယ်မှုတွေနဲ့ ပတ်သက်ပြီး ကြားလာရတော့ လွှတ်တော်ထဲမှာလည်း အလန့်တကြား ဖြစ်လာသူတွေ ရှိပါတယ်။ ဒါမျိုးတွေကို လွှတ်ပေးထားလို့တော့ မဖြစ်သေးဘူး။ တားမှရတော့မယ်ဆိုတာမျိုးလည်း ဖြစ်လာပါတယ်။”

ဒီအမေရိကန်ရဲ့ အရေးယူ ဒဏ်ခတ်မှုထိတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး ဦးဆောင်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ DDI ကိုလည်း မြောက်ကိုရီးယားဆီကနေ စစ်ပစ္စည်း ဝယ်ယူမှုနဲ့ အမေရိကန် ပြည်ထောင်စုက ၂၀၁၂ ခုနှစ် ဇူလိုင်လကပဲ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားတာဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ ကို လိုက်နာမှာဖြစ်တဲ့အကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလက လူသိရှင်ကြား ကြေညာခဲ့ပါတယ်။ အဲ့ဒီ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က မြောက်ကိုရီးယား ဆီကနေ စစ်ပစ္စည်းဝယ်ယူမှုနဲ့ တခြား အထောက်အကူတွေကို တားမြစ်ထားတာ ဖြစ်ပါတယ်ရှင်။