အိုဘားမား ရွေးကောက်ပွဲစည်းရုံးရေး ဘီလ်ကလင်တန် လိုက်ပါ

အမေရိကန် သမ္မတ ဘရက်အိုဘားမား (ဝဲ) ရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ သမ္မတဟောင်း ဘီလ်ကလင်တန် အတူလိုက်ပါ စည်းရုံး လှုပ်ရှားနေစဉ်။

အမေရိကန်နိုင်ငံမှာ လာမယ့်အင်္ဂါနေ့ သမ္မတ ရွေးချယ်ပွဲတွေ ကျင်းပတောမှာမို့ သမ္မတလောင်း ၂ ဦး မဲဆွယ်စည်းရုံးမှုတွေ အကြိတ်အနယ် ပြုလုပ်နေကြပါတယ်။ လက်ရှိသမ္မတ ဘရက်အိုဘားမား နဲ့ အတူ သမ္မတဟောင်း ဘီလ်ကလင်တန် လည်း စနေနေ့ည မဲဆွယ် စည်းရုံးပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ သမ္မတဟောင်း ဘီလ်ကလင်တန် က မဲဆွယ်စည်းရုံးမှုတွေ ဆက်တိုက် လုပ်ဆောင်ရင်းနဲ့ အသံဝင်လုနီးပါး ဖြစ်လာတာကို မဲဆွယ်ပွဲ မိန့်ခွန်းမှာ ထည့်ပြီး ပြောဆိုသွားပါတယ်။

သမ္မတဟောင်း ဘီလ်ကလင်တန် နဲ့ သမ္မတ အိုဘားမား တို့ဟာ ဗာဂျီးနီးယား ပြည်နယ် ဘရစ်စတို (Bristow) မှာ ပြုလုပ်ခဲ့တဲ့ မဲဆွယ် စည်းရုံးဟောပြောပွဲ တွေကို မဲဆန္ဒရှင် ပရိသတ် ၂၄,၀၀၀ လောက် တက်ရောက်ခဲ့ပါတယ်။ သမ္မတ အိုဘားမား ရဲ့ ပြိုင်ဘက် ရီပက်ဘလစ်ကန် သမ္မတလောင်း မစ်ရွန်မနီ ဟာလည်း အမေရိကန်နိုင်ငံတလွှား သွားရောက်ပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေပါတယ်။

လူထုဆန္ဒ စစ်တမ်းတွေအရ ပြိုင်ဘက် ၂ ဦးဟာ အဓိကကျတဲ့ မဲဆန္ဒနယ်တွေ ဖြစ်တဲ့ ကော်လိုရာဒို၊ ဖလော်ရီဒါ၊ အိုဟိုင်းအိုး နဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ သူမသာ ကိုယ်မသာ ဖြစ်နေပါ တယ်။ အိုဟိုင်းအိုး နဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ သမ္မတ အိုဘားမားက အနည်းငယ် အသာစီးရနေပြီး ကော်လိုရာဒို မှာတော့ မစ္စတာ ရွန်မနီ က ရှေ့ကနည်းနည်း ပြေးနေ ပါတယ်။ ဖလော်ရီဒါ မှာတော့ ပြိုင်ဘက် ၂ ဦးစလုံးဟာ ဘယ်သူမှ အသာစီးမရဘဲ ယှဉ်လိုက်နေတာ ဖြစ်ပါတယ်။

သမ္မတရွေးချယ်ခံရဖို့အတွက် ကိုယ်စားလှယ်မဲ ၂၇၀ ရဖို့ အရေးမှာ ဆုံးဖြတ်ချက် မချနိုင်သေးတဲ့ ပြည်နယ် ၄ ခုက အဓိက ကျနေပါတယ်။ မဆုံးဖြတ်နိုင်သေးတဲ့ ပြည်နယ် ၄ ခုထဲက နယူးဟမ်ရှား ပြည်နယ်မှာတော့ သမ္မတ အိုဘားမား ဟာ သူပေးထားတဲ့ ဂတိတွေ မတည်ဘူး လို့ ဝေဖန်ပြောဆိုပြီး မဲဆန္ဒရှင်တွေကို မစ္စတာ ရွန်မနီက မဲဆွယ်စည်းရုံးနေတာ ဖြစ်ပါတယ်။