အမေရိကန်သမ္မတလောင်း ၂ ဦးဖြစ်ကြတဲ့ Hillary Clinton နဲ့ Donald Trump တို့ဟာ ၂ ဦးကြား ဖြစ်ပေါ်နေတဲ့ အငြင်းပွားဖွယ်ရာ ကိစ္စရပ် ၂ ခုနဲ့ပတ်သက်လို့ ဗုဒ္ဓဟူးနေ့က အပြန်အလှန် ဝေဖန် ပြောဆိုခဲ့ကြပါတယ်။
သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်မှုနဲ့ဆိုင်တဲ့ကိစ္စကို Donald Trump ရဲ့ ပြောကြားချက် အသစ်တွေကြောင့် သူ့ကို ထောက်ခံသူ တချို့ကို တန်ုလှုပ်သွားစေခဲ့ကိစ္စနဲ့ Hillary Clinton ရဲ့ ထောက်ခံသူတွေက အခုချိန်မှာ ပျောက်ကွယ်သွားစေချင်နေတဲ့ အီးမေး အရှုပ်တော်ပုံကိစ္စအတွက် အပြန်အလှန် ဝေဖန် ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။
Clinton နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ပေးပို့၊ လက်ခံခဲ့တဲ့ အီးမေး နောက်တသုတ်ကို Judicial Watch ဆိုတဲ့ ကွန်ဆာဗေးတစ်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ အီးမေးတွေဟာ နိုင်ငံခြားရေးဌာနရှိ Clinton ရဲ့ လက်ထောက်တွေနဲ့ သူမရဲ့ ခင်ပွန်း သမ္မတဟောင်း Bill Clinton တို့ ပူးတွဲ တည်ထောင်ခဲ့တဲ့ Clinton Foundation အကြား ပေးပို့ခဲ့တဲ့ အီးမေးတွေ ဖြစ်ပါတယ်။
Clinton Foundation ကို ငွေကြေးလှူဒါန်းသူတွေဟာ နိုင်ငံခြားရေးဌာနကို ဝင်ထွက်ဖို့ အထူးအခွင့်အရေး ရရှိကြတယ်လို့ ကွန်ဆာဗေးတစ်အဖွဲ့က စွပ်စွဲ ပြောဆိုထားပါတယ်။ ဒါပေမဲ့ အဲဒီလို စွပ်စွဲချက်ကို Clinton မဲဆွယ်လှုပ်ရှားမှုအဖွဲ့က အစဉ်တစိုက် ငြင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။
ဒီအတောအတွင်း သေနတ်ကိုင်ဆောင်ခွင့် ထောက်ခံသူတွေအနေနဲ့ Clinton အပြင် သေနတ် ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး လိုလားတဲ့ နိုင်ငံတော် တရားရုံးချုပ် တရားသူကြီးတွေကို လုပ်ကြံခိုင်းတဲ့ သဘောမျိုး သက်ရောက်တယ်လို့ ဝေဖန်သူတွေက ထောက်ပြခဲ့ကြတဲ့ အင်္ဂါနေ့က Trump ရဲ့ ပြောဆိုမှုကို Iowa ပြည်နယ်မှာ မဲဆွယ်လှုပ်ရှားမှုအတွင်း Hillary Clinton က အပြင်းအထန် ထိုးနှက် တုံ့ပြန်ခဲ့ပါတယ်။
Trump ရဲ့ အဲဒီလို ပြောဆိုမှုဟာ စည်း၊ ဘောင်တွေကို ကျော်တဲ့ ပြောဆိုမှုဖြစ်တယ်လို့ Clinton က ပြောပါတယ်။