အာရှ-ပစိဖိတ် မဟာမိတ်တွေ ရေကြောင်း လုံခြုံရေး သမ္မတ အိုဘားမား ကတိပေး

ဖိလစ်ပိုင်ရေတပ်သင်္ဘော BRP Gegorio del Pilar ကို လှည့်လည်ကြည့်ရှု့ပြီးတဲ့နောက် သမ္မတအိုဘားမား မိန့်ခွန်းပြော။

အာရှ-ပစိဖိတ်ဒေသမဟာမိတ်တွေရဲ့ ရေကြောင်းဆိုင်ရာလုံခြုံရေးကို မြင့်တင်ဖို့ အကူအညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ကတိပြုလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ အာရှပစိဖိတ်ဒေသခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း သူကပြောကြား လိုက်တာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ပံ့ပိုးကူညီမှုတွေကို အပြည့်အဝရထားတယ်လို့ ဖိလစ်ပိုင်ရေတပ်သင်္ဘော BRP Gegorio del Pilar ကို လှည့်လည်ကြည့်ရှု့ပြီးတဲ့နောက် သမ္မတအိုဘားမားက သတင်းထောက်တွေနဲ့ သင်္ဘောအမှုထမ်းတွေကို ပြောကြားခဲ့ပါတယ်။

"ဒီဒေသတွင်းရေကြောင်းလုံခြုံရေး နဲ့ လွတ်လပ်စွာရေကြောင်းခရီး သွားလာပိုင်ခွင့်အပေါ်မှာ ကျနော်တို့ကြား ခိုင်မာတဲ့ ကတိကဝတ်တွေရှိတယ် ဆိုတာကို ကျနော် ဒီခရီးစဉ်က မီးမှောင်းထိုးပြနေပါတယ်။ အခုဒီနေရာဟာဆိုလိုရှိရင်လည်း အမေရိကန်ရဲ့ အထောက်အပံ့နဲ့ တည်ဆောက်ထားတာဖြစ်သလို၊ ကျနော်သွားရောက်ကြည့်ရှုခဲ့တဲ့ အရင်က အမေရိကန်ကမ်းခြေစောင့်သင်္ဘောကလည်း အခုဆိုရင် ဖိလစ်ပိုင်ရဲ့ သဘာဝဘေးအန္တရာယ်တွေကို ကူညီတဲ့နေရာ၊ အကြမ်းဖက်မှုတန်ပြန် တိုက်ခိုက်တဲ့နေရာ၊ နဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း ကင်းလှည့်တာတွေမှာ အကူအညီတွေပေးနေပါတယ်"လို့ သမ္မတအိုဘားမားကပြောပါတယ်။

လာမယ့် ၂ နှစ်အတွင်း ဖိလစ်ပိုင်က ၇၉ သန်း၊ ဗီယက်နမ်က သန်း ၄၀ ၊ အင်ဒိုနီးရှားက ၂၁ သန်း၊ နဲ့ မလေးရှားက ၂သန်းခွဲအပါအဝင် အမေရိကန်ဒေါ်လာ ၂၅၉ သန်း တန်ဖိုးရှိတဲ့ အကူအညီသစ်တွေထပ်ပေးသွားမှာဖြစ်တယ်လို့ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။

ဒါ့အပြင် အမေရိကန်က ကမ်းခြေစောင့်ရေယာဉ်တစင်းနဲ့ သုတေသန သင်္ဘောတစင်းကို ဖိလစ်ပိုင်နိုင်ငံကို လွှဲပြောင်းပေး သွားမှာဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်နိုင်ငံက နယ်မြေပိုင်ဆိုင်တယ် လို့ ကြေညာခဲ့တာကြောင့် တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေကြား တင်းမာမှုတွေဟာ တိုးလာနေတာဖြစ်ပါတယ်။