ပနားမားနိုင်ငံမှာ ဒီကနေ့ စတင်ကျင်းပနေတဲ့ အမေရိကတိုက် နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်မှာပဲ အမေရိကန် သမ္မတ Barack Obama နဲ့ ကျုးဘား သမ္မတ Raul Castro တို့ တယ်လီဖုန်းကနေ စကားပြောခဲ့ကြတဲ့အကြောင်း ၂ နိုင်ငံ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျမေကာနိုင်ငံကနေ ပနားမားကို မထွက်ခွာမီ ဗုဒ္ဓဟူးနေ့ကပဲ သမ္မတ ၂ ဦး စကားပြောခဲ့ကြတဲ့ အကြောင်း အိမ်ဖြူတော် အဆင့်မြင့် အရာရှိတဦးက ဗွီအိုအေကို ပြောဆိုခဲ့တာပါ။
ကျုးဘားနိုင်ငံတော် သတင်းအေဂျင်စီရဲ့ လက်ထောက် ညွှန်ကြားရေးမှူး Jorge Leganoa ကလည်း တယ်လီဖုန်းက စကားပြောကြားခဲ့တဲ့အကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။ ပထမဆုံးအကြိမ်အဖြစ် ကျုးဘားနိုင်ငံလည်း ပါဝင်တက်ရောက်မယ့် အမေရိကတိုက် နိုင်ငံတွေရဲ့ ထိပ်သီး အစည်းအဝေးပွဲတွေအတွက် သမ္မတ အိုဘားမားကတော့ ပနားမားကို မနေ့နှောင်းပိုင်းကပဲ ရောက်ရှိသွားခဲ့တာပါ။
အမေရိကန်နဲ့ ကျုးဘားသမ္မတ ၂ ဦးဟာ ထိပ်သီးအစည်းအဝေးပွဲအတွင်း တရားဝင် တွေ့ဆုံဆွေးနွေးဖို့ မရှိပေမဲ့ အဆက်အဆံ လုပ်တာမျိုးတော့ ရှိလိမ့်မယ်လို့လည်း အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။ ညီလာခံကို တက်ရောက်မယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry နဲ့ ကျုးဘားနိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez တို့ဟာလည်း ထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မနေ့တုန်းက သီးခြား တွေ့ဆုံခဲ့ကြတာပါ။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦးကတော့ တွေ့ဆုံမှုဟာ အပြုသဘောဆောင်ပြီး၊ ၂ ဖက်စလုံးကလည်း တိုးတက်မှုရှိကြောင်း လက်ခံခဲ့ကြတယ်လို့ ပြောဆိုခဲ့ပါတယ်။