သမ္မတ အိုဘားမား ဗြိတိန် ဝန်ကြီးချုပ်နဲ့ ဆွေးနွေးဖို့ လန်ဒန် ရောက်

ကန်သမ္မတ လန်ဒန်ကိုရောက်ရှိလာစဉ်။ (ဧပြီ ၂၁၊ ၂၀၁၆)

ကန်သမ္မတ လန်ဒန်ကိုရောက်ရှိလာစဉ်။ (ဧပြီ ၂၁၊ ၂၀၁၆)

အမေရိကန်သမ္မတ Barack Obama ဟာ ဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ဥရောပက ဒုက္ခသည် အရေးနဲ့ ကမ္ဘာ့စီးပွါးရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် အခု လန်ဒန်မှာ ရောက်ရှိနေပါတယ်။

လန်ဒန်ကိုဆိုက်ရောက်လာတဲ့ ကန်သမ္မတကို ကြိုဆို။

လန်ဒန်ကိုဆိုက်ရောက်လာတဲ့ ကန်သမ္မတကို ကြိုဆို။

လန်ဒန်ကို မလာခင် ဆော်ဒီအာရေဗျမှာ ကျင်းပတဲ့ အာရပ်ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ GCC ထိပ်သီးအစည်းဝေးကို တက်ရောက်ချိန်က သမ္မတ အိုဘားမားက အမေရိကန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ အိုင်အက်စ် စစ်သွေးကြွတွေကို ချေမှုန်းဖို့နဲ့ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးအတွက် ကြိုးပမ်းမှုမှာ စည်းလုံးညီညွတ်မှု ဆက်ပြီး ရှိနေဆဲပဲလို့ ပြောကြားခဲ့ ပါတယ်။ အကြမ်းဖက်ချေမှုန်းရေးမှာ အရေးပါတဲ့ သတင်းအချက်အလက် တွေကို ဖလှယ်ကြပြီး လုံခြုံရေးဆိုင်ရာမှာ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပင်လယ်ကွေ့ဒေသ GCC ခေါင်းဆောင်တွေက ဆီးရီးယားနဲ့ အီရတ်မှာ လူသားချင်းစာနာမှုတွေ တိုးမြှင့် လုပ်ဆောင်ရေးအပြင် အိုင်အက်စ်တွေ သိမ်းပိုက်ထားတဲ့ အီရတ်က မြို့ရွာတွေကိုပြန်သိမ်းပြီး တည်ငြိမ်အောင်လုပ်ပေးရင်း အီရတ်ကို ဆက်လက် ပံ့ပိုးတာလိုမျိုး အမေရိကန်နဲ့ GCC ခေါင်းဆောင်တွေကြား ရရှိခဲ့တဲ့ ကျယ်ပြန့်တဲ့ သဘောတူညီမှုတွေ အကြောင်းလည်း သမ္မတ အိုဘားမားက ပြောပါတယ်။

ဒါ့အပြင် ဆီးရီးယားမှာ နိုင်ငံရးပြဿနာ အဖြေရှာဖို့ လိုအပ်နေတယ်လို့လည်း အမေရိကန်နဲ့ GCC ခေါင်းဆောင်တွေကြား သဘောတူခဲ့ ကြပါတယ်။ ဆီးရီးယားရဲ့ ပြည်တွင်းစစ်အဆုံး သတ်စေဖို့ တခုတည်းသော နည်းလမ်းဟာ သမ္မတ Bashar al-Assad ကို ဖယ်ရှားပြီး၊ကြားဖြတ် အစိုးရတရပ် ကနေတဆင့် လုပ်ဆောင်တာ ဖြစ်ကြောင်းလည်း သဘောတူခဲ့တယ်လို့ပြောပါတယ်။

ဒါပေမယ့်လည်း အမေရိကန်နဲ့ GCC ခေါင်းဆောင်တွေကြား တင်းမာမှုဖြစ်စေတဲ့ တခုတည်းသော အကြောင်းရာက အီရန်ဖြစ်ပါတယ်။