စီးပွားရေးသုံး Drone စည်းမျဉ်းမူကြမ်း အမေရိကန် ထုတ်ပြန်

အသေးစား စီးပွားရေးလုပ်ငန်းသုံး drone ယာဉ်တွေ အသုံးပြုမှုနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းသစ် မူကြမ်းတရပ်ကို အမေရိကန် လေကြောင်းဆိုင်ရာ ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

၁၀ နှစ်လောက် အချိန်ယူ ရေးဆွဲလာခဲ့တဲ့ ဒီမူကြမ်းထဲမှာ အဝေးထိန်း drone ယာဉ်တွေကို ဖြတ်သန်းသွားလာနေကြသူတွေနဲ့ ဝေးရာမှာ အသုံးပြုဖို့နဲ့ နေ့ခင်းဘက်မှာပဲသုံးဖို့အပြင်တနာရီကို ၉၉ မိုင်နှုန်းအောက်သာ မောင်းနှင်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။ Drone ယာဉ် အသုံးပြုသူတွေအနေနဲ့ ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အသုံးပြုခွင့် အထူးလိုင်စင်ရှိရမှာလည်း ဖြစ်ပါတယ်။ အခု မူကြမ်းကို အပြီးသတ်ဖို့မှာတော့ အများသူငါရဲ့ မှတ်ချက်တွေနဲ့ ပြန်လည်သုံးသပ်ချက်တွေ ယူရဦးမှာဖြစ်ပြီး ဒီလိုလုပ်ဖို့ တနှစ်ထက်မနည်း အချိန်ကြာနိုင်ပါတယ်။

သမ္မတ အိမ်ဖြူတော်ကနေ drone အသုံးပြုမှုနဲ့ပတ်သက်လို့ အရပ်သားအခွင့်အရေး နဲ့ တသီးပုဂ္ဂလ အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြပ် စစ်ဆေးနေတဲ့ ပြည်ထောင်စုအစိုးရ ဌာနတွေကို မနေ့က တနင်္ဂနွေနေ့က သဘောတူ စာချွန်လွှာတစောင် ပေးပို့ခဲ့ပြီးတဲ့နောက်မှာ အခု မူကြမ်းစာဖိုင် ထွက်ပေါ်လာတာပါ။

Drone ယာဉ် အသုံးပြုပျံသန်းစဉ် ကောက်ယူတဲ့ အချက်အလက်တွေကို တချို့ချွင်းချက်ထားမှုတွေမှအပ ရက်ပေါင်း ၁၈၀ လောက် အထိပဲ သိမ်းထားခွင့်ရှိတယ်လို့လည်း မူကြမ်းမှာ ထည့်သွင်းထားပါတယ်။

ဒီနှစ်အစောပိုင်းက သမ္မတအိမ်ဖြူတော်မြေပြင်မှာ သေးငယ်တဲ့ Drone ယာဉ် တစင်းပျက်ကျခဲ့တာမို့ အာဏာပိုင်တွေက ဝင်းကို ပိတ်ပြီး စုံစမ်းမှုတွေ ချက်ချင်းလုပ်ခဲ့ရပါတယ်။ ဝါရှင်တန်မြို့နေ လူတဦးက သူလွှတ်တင်ခဲ့တာဖြစ်ကြောင်းနဲ့ မတော်တဆ ထိမ်းမရဘဲ ဖြစ်သွားခဲ့ကြောင်း ပြောကြားခဲ့ပြီး စုံစမ်းမှုအတွက် ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။