ပိတ်ဆို့မှုနဲ့ အမေရိကန် မြန်မာဆက်ဆံရေး သက်ရောက်နိုင်ခြေ

U.S. President Barack Obama delivers an address to members of the Young Southeast Asian Leaders Initiative in Yangon

မြန်မာနိုင်ငံအပေါ် ပြဌာန်းထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်ပြည်ထောင်စုက ဒီသတင်းပတ်အတွင်း ဆက်ပြီးသက်တမ်းတိုးဖို့ ပြင်ဆင်နေပါတယ်။ ဒီလို အရေးယူပိတ်ဆို့မှုကို သက်တမ်းတိုးပေမယ့် နှစ်နိုင်ငံ ကုန်သွယ်ဆက်ဆံရေးနဲ့ မြန်မာ အစိုးရသစ်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ မြန်မာ့အရေး လေ့လာသူတွေက ရှု့မြင်ထားပါတယ်။ မအင်ကြင်းနိုင်က တင်ပြပါလိမ့်မယ်။

ဒီကနေ့ အင်္ဂါနေ့မှာ အမေရိကန်ဘဏ္ဍာရေးဌာနကနေ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာနဲ့ပတ်သက်လို့ ကြေညာချက်ထုတ်ပြန်ဖို့ရှိပါတယ်။ ဒါဟာ ဒီသတင်းပတ်အတွင်း သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့ မြန်မာအပေါ်ပိတ်ဆို့အရေးယူမှုကို ပြန်ပြီးတိုးမြှင့်ဖို့ အမေရိကန်အစိုးရကပြင်ဆင်နေတာဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေကိုတိုးမြှင့်သွားမှာဖြစ်တယ်လို့ အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး သတင်းတွေထွက်လာပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ မြန်မာ့အပေါ်ပိတ်ဆို့မှုဆိုင်ရာကျွမ်းကျင်သူလည်းဖြစ်၊ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ အကြံပေးအဖြစ်ဆောင်ရွက်ခဲ့သူလည်းဖြစ်တဲ့ ဝါရှင်တန်အခြေစိုက် Inle အကြံပေးအဖွဲ့ ဥက္ကဌ Peter Kucik က သူ့အမြင်ကို အခုလို ဗွီအိုအေကိုပြောပါတယ်။

“တကယ်လို့ ထွက်နေတဲ့သတင်းတွေအတိုင်းမှန်ခဲ့မယ်ဆိုရင် မနက်ဖြန်ထုတ်ပြန်မယ့် ကြေညာချက်ဟာ ကျနော်တို့ ကြားသိထားတဲ့အတိုင်း နှစ်နိုင်ငံကုန်သွယ်စီးပွားဆက်ဆံမှုကို ဆက်ပြီးတော့ ကြီးထွားလာမယ်ဆိုတဲ့အချက်ကို ခိုင်မာအောင်လုပ်ပါလိမ့်မယ်။ ဒါပေမယ်လို့ တဖက်မှာလည်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးအပေါ် အမေရိကန်အစိုးရရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေရှိနေသလို အပြောင်းအလဲအတွက် ဆက်ပြီးတွန်းအားပေးဖို့ သဘောထားလဲရှိနေတာပါ။”

အခုလို စိုးရိမ်မကင်းရှိတယ်ဆိုပေမဲ့လည်း ပိတ်ဆို့အရေးယူမှုကို သက်တမ်းတိုးခြင်းအားဖြင့်တော့ မြန်မာအစိုးရသစ်ရဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေကို ထိခိုက်အောင် အမေရိကန်အစိုးရက ဆောင်ရွက်မှာမဟုတ်ဘူးလို့ သူ့အနေနဲ့မြင်တဲ့အကြောင်း Peter Kucik ကပြောပါတယ်။

“အခုအချိန်မှာတွေ့မြင့်နေရတာတွေဟာ အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရသစ်တို့ကြား နှစ်ဘက်ဆွေးနွေးမှုတွေကိုကြည့်မယ်ဆိုရင် အစိုးရသစ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အကူအညီပေးနိုင်ဖို့ ရှာဖွေနေတာ၊ နောက် အစိုးရသစ်အနေနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေအောင်မြင်ဖို့ သေချာအောင် အမေရိကန်ဘက်က လုပ်ဆောင်ပေးနေတယ်လို့ ကျနော်မြင်ပါတယ်။ ဒါကြောင့် ဒီချဉ်းကပ်မှုဟာ ထိရောက်တယ်လို့ ပြောနိုင်ပါတယ်။”

တကယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ကြေညာချက်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေအတိုင်းသာ မှန်ခဲ့မယ်ဆိုရင် ဒါဟာ အမေရိကန်သမ္မတရဲ့ဆုံးဖြတ်မှုနဲ့ ဆောင်ရွက်ချက်သာ ဖြစ်တယ်လို့ Mr. Kucik ကပြောပါတယ်။

မေလ ၂၂ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတဲ့အတွက်ပိတ်ဆို့ဒဏ်ခတ်မှုကို သက်တမ်းတိုးမယ်ဆိုရင်တောင် မြန်မာအစိုးရသစ်လက်ထက် နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြှင့်အောင် ဆောင်ရွက်ရာမှာ အစိုးရသစ်နဲ့ အကြေအလည် ညှိုနှိုင်း သွားလိမ့်မယ်လို့ လေ့လာသူတွေက ခန့်မှန်းနေကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက စီးပွားရေးအသိုင်းအဝိုင်းကတော့ ဒီလို ပိတ်ဆို့မှုတွေဟာ ရင်းနှီးမြုပ်နှံမှု အသစ်တွေကို ဟန့်တားနေတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးမှုမှာ အနှောင့်အယှက်ဖြစ်စေတယ်ဆိုပြီး ကန့်ကွက်နေကြပါတယ်။