အမေရိကန် နဲ့ ရုရှားသမ္မတ ၂ ဦး ယူကရိန်းကိစ္စ ဖုန်းဆက်ဆွေးနွေး

ကန်သမ္မတနဲ့ ရုရှားသမ္မတ တွေ့ဆုံခဲ့ကြစဉ်။

ရုရှားရဲ့ ယူကရိန်းမှာ လုပ်ဆောင်မှုတွေဟာ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို ချိုးဖေါက် လိုက်တာဖြစ်ကြောင်း အမေရိကန်သမ္မတ Barack Obama က ရုရှားသမ္မတ Vladimir Putin ကို ပြောကြားခဲ့တယ်လို့ သမ္မတ အိမ်ဖြူကပြောပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင် ၂ ဦးဟာ ကြာသပတေးနေ့က တယ်လီဖုံးနဲ့ တနာရီလောက်ကြာအောင် စကားပြောဆိုခဲ့ကြတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ဒါဟာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားတပ်တွေ ထိန်းချုပ်လိုက်တဲ့ စနေနေ့ကစပြီး ခေါင်းဆောင် ၂ ဦး ပထမဆုံး အကြိမ်အဖြစ် တိုက်ရိုက်ဆက်သွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အခုဖြစ်ပွါးနေတဲ့ ပြဿနာကို သံတမန်နည်းကျ ဖြေရှင်းနိုင်တဲ့ လမ်းရှိနေသေးတယ်လို့ ရုရှားခေါင်းဆောင်ကို သမ္မတ အိုဘားမားက ပြောကြားခဲ့ကြောင်း သမ္မတ အိမ်ဖြူကပြောပါတယ်။

ဒီလိုလုပ်ဖို့ ရုရှားတပ်တွေကို ခရိုင်းမီးယားက သူတို့ရဲ့ အခြေစိုက် စခန်းဆီ ပြန်ဆုတ်ပေးရမှာဖြစ်ပြီး ယူကရိန်းအစိုးရနဲ့ ရုရှား အစိုးရတို့ကြား တိုက်ရိုက်ဆွေးနွေးမှုတွေလုပ်ဖို့နဲ့ ယူကရိန်းမှာ ရှိနေတဲ့ ရုရှားနွယ်ဖွါးတွေရဲ့ ရပိုင်ခွင့်တွေကို မချိုးဖေါက်စေဖို့ နိုင်ငံတကာက စောင့်ကြည့်လေ့လာနိုင်အောင် လုပ်ပေးဖို့လည်း ပါဝင်ပါတယ်။