မြောက်ကိုရီးယားပြဿနာ သံတမန်နည်းဖြေရှင်းရေး ကန် ရုရှား သဘောတူ

မြောက်ကိုရီးယားဘက်က ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှု ရုပ်သံသတင်းကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကြည့်ရှုနေကြစဉ် (နိုဝင်ဘာလ ၂၁ ၂၀၁၇)

ကိုရီးယားကျွန်းဆွယ်ဒေသမှာ နျူကလီယား မဲ့ဇုံ ဖြစ်လာစေရေးအတွက် သံတမန်နည်းနဲ့ ဆက်ပြီး အဖြေရှာသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ဗုူဒ္ဓဟူးနေ့မှာ ပြောပါတယ်။

မြောက်ကိုရီးယား ရဲ့ နျူကလီယား အစီစဉ်တွေ နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကို အင်္ဂါနေ့က ဝန်ကြီး ၂ ဦး တယ်လီဖုံးနဲ့ ဆွေးနွေးခဲ့ကြပြီး မြောက်ကိုရီးယား ကို နျူကလီယားအင်အားကြီး နိုင်ငံ တနိုင်ငံအနေနဲ့ အမေရိကန်ကရော ရုရှားကပါ လက်ခံမှာ မဟုတ်ကြောင်း အလေးထား ပြောကြားခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီမတိုင်ခင် တရက်ကတော့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က အမေရိကန်ရဲ့ ပြင်းထန်တဲ့ ပြောကြားချက်တွေဟာ ကိုရီးယား ကျွန်းဆွယ် အတွက် တင်းမာမှုတွေ တိုးလာစေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကို ပြောကြားခဲ့တာ ဖြစ်ပြီး ဒီလို အမေရိကန်ရဲ ပြောကြားချက်တွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။

တချိန်ထဲမှာပဲ အမေရိကန် ဘဏ္ဍာရေး ဌာနက မြောက်ကိုရီးယား ရဲ့ ပဲ့ထိမ်းတပ် ဒုံးကျည် စီမံကိန်းတွေမှာ ပါဝင်ပတ်သက်မှုနဲ့ မြောက်ကိုရီးယား အရာရှိကြီး ၂ ဦးကို ပစ်ဒဏ်ခတ် အရေးယူကြောင်း ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယား အနေနဲ့ တရားမဝင် ငွေမစုဆောင်း နိုင်အောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယား အပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်မှု အသစ်တွေ ချမှတ်ဖို့ သောကြာနေ့မှာ တခဲနက် အတည်ပြုခဲ့ပြီးတဲ့နောက် အမေရိကန်က အခုလို အရေးယူလိုက်တာပါ။

Your browser doesn’t support HTML5

မြောက်ကိုရီးယားပြဿနာ သံတမန်နည်းဖြေရှင်းရေး ကန် ရုရှား သဘောတူ