အမေရိကန်က ပိတ်ဆို့ အရေးယူမှုစာရင်းမှာ ပါနေတဲ့ မြန်မာနိုင်ငံက အေးရှားဝေါလ်ကုမ္ပဏီပိုင်ဆိပ်ကမ်းမှာ အမေရိကန် ကုမ္ပဏီတွေကနေ ကူးသန်းရောင်းဝယ်နိုင်ဖို့ အမေရိကန်အစိုးရက ပစ်မှတ်ထား ဒဏ်ခတ်ထားတဲ့အချက်တချို့ကို အမေရိကန်အစိုးရက လျှော့ချပေးဖို့ ပြင်ဆင်နေပါတယ်။ဒီလို ပြောင်းလဲပြင်ဆင်မှုတွေပြုလုပ်မယ့်အပေါ်မှာ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။
မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အနီးကပ်ဆက်ဆံရေးရှိနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ငွေကြေးတွေရရှိနေတာကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ အရင်က ပစ်မှတ်ထားပိတ်ဆို့အရေးယူမှု စာရင်းမှာပါနေတဲ့ အေးရှားဝေါလ် ကုမ္ပဏီပိုင် ဆိပ်ကမ်းကိုဖြတ်ပြီး အမေရိကန်ကုမ္ပဏီတွေ ကူးသန်းရောင်းဝယ်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက စည်းမျဉ်းစည်းကမ်းတချို့ ပြောင်းလဲနိုင်ဖို့ ပြင်ဆင်နေတာပါ။ လာမယ့်အပတ် အစောပိုင်းအတွင်း အပြောင်းအလဲဖြစ်နိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေဖက်က ပြောကြောင်းသတင်းတွေမှာဖော်ပြထားပါတယ်။
မြန်မာအစိုးရနဲ့ ဆက်ဆံရေးနွေးထွေးလာမှုနဲ့ အမေရိကန် စီးပွားရေးအသိုင်းအဝိုင်းတို့ရဲ့ တိုက်တွန်းမှုတွေကြောင့် အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုမှုများထိန်းချုပ်ရေးဌာနခွဲ (OFAC) ကနေ အမေရိကန်ဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေကို ရန်ကုန်မြို့အေရှားဝေါ်လ် ဆိပ်ကမ်းအသုံးပြုခ ပေးဖို့ အထွေထွေ လိုင်စင်ခွင့်ပြုရေး စဉ်းစားနေတာဖြစ်ပါတယ်။
အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ စာရင်းတွေမှာ ပါနေတဲ့ ခရိုနီ လုပ်ငန်းရှင်တွေ အပေါ် ကန့်သတ်ချက်တွေကို ဖြေလျော့ပေးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့စီးပွားရေးကို တိုးတက်အောင်ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့မမြင်ကြောင်း နယူးရောက် အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက ဝေဖန် လိုက်ပါတယ်။ ဒါ့အပြင် ဆိပ်ကမ်းလုပ်ငန်းနဲ့ ပတ်သက်ပြီး ခရိုနီမဟုတ်တဲ့ အခြားလုပ်ငန်းရှင်တွေ ပိုင်ဆိုင်ခွင့်ရအောင် ပြောင်းလဲပေးသင့်တယ်လို့ မြင်ကြောင်း HRW ရဲ့အာရှရေးရာညွန်ကြားရေးမှူး John Sifton က ဗွီအိုအေကိုပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဖွံဖြိုးတိုးတက်စေချင်ဆိုရင် ဒီခရိုနီလုပ်ငန်းရှင်တွေနဲ့ ဆက်ဆံမယ်အစား သူတို့ ဒီပြသနာကို တကယ်ဖြေရှင်းချင်တယ်ဆိုရင် အစိုးရအနေနဲ့ ဒီဆိပ်ကမ်းလုပ်ငန်းပိုင်ဆိုင်မှုကို အခြားသူတွေအတွက် လေလံဖွင့်ပေးသင့်ပါတယ်။”
အမေရိကန်နဲ့ မြန်မာကုန်သွယ်မှု ပမာဏ သေးငယ်ပေမဲ့ နောက်ပိုင်းမှာတိုးတက်မှုတွေရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု သန်ခေါင်းစာရင်းဌာနထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှု ဟာ အမေရိကန်ဒေါ်လာ ၁၈၅ မီလီယံရှိရာကနေ ၂၀၁၅ ခုနှစ် ပထမ (၁၀)လ တွင်း ဒေါ်လာ ၃၀၆ မီလီယံကျော်ဖိုးထိ တိုးတက်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
မြန်မာအပေါ်ချမှတ်ထားတဲ့ ကျန်နေတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲပြုလုပ်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဘယ်လိုဖြစ်မလဲဆိုတာကို စောင့်ကြည့်ပြီးမှ တက်လာမယ့်မြန်မာအစိုးရသစ်နဲ့ရော အမေရိကန်လွှတ်တော်နဲ့ပါ သူ့အနေနဲ့ အနီးကပ်တိုင်ပင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အသစ်ခန့်အပ်ဖို့ သမ္မတအိုဘားမားအဆိုပြုထားတဲ့ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scot Marciel က ပြီးခဲ့တဲ့အင်္ဂါနေ့က အမေရိကန်အထက်လွှတ်တော်ကြားနာပွဲမှာ ပြောဆိုခဲ့ပါတယ်။
အမေရိကန်အစိုးရရဲ့ တစ်ဦးချင်း ပိတ်ဆို့အရေးယူမှု စာရင်းမှာ ပါဝင်တဲ့ အေရှားဝေါလ် အုပ်စု ကုမ္ပဏီရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ အေရှားဝေါ ဆိပ်ကမ်းဟာ မြန်မာနိုင်ငမှာ ခေတ်အမှီဆုံးနဲ့ စီးပွားရေးအရ တွက်ခြေအကိုက်ဆုံး ကွန်တိန်နာ ဆိပ်ကမ်းဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ ပင်လယ်ရေကြောင်းက ကုန်သွယ်မှု ပမာဏ အမြောက်အမြား ဖြတ်သန်းသွားရာ ဆိပ်ကမ်းဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်နိုင်ငံမှာ အကြီးဆုံး ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းအဖွဲ့အစည်းတွေဖြစ်တဲ့ Clearing House Association နဲ့ Bankers Association of Finance and Trade တို့ဟာ ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ ပါဝင်တဲ့ အေးရှားဝေါ်လ် ဆိပ်ကမ်းနဲ့ ငွေကြေးလွှဲပြောင်းမှုတွေ ပြုလုပ်ပြီး အလုပ်လုပ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ အမေရိကန် ဘဏ္ဍာရေး ဌာနရဲ့ နိုင်ငံခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး ဌာနခွဲ (OFAC) ကို ပြီးခဲ့တဲ့ ဂျူလိုင်လကတည်းက စာရေးပြီး တောင်းဆိုထားတာပါ။
မြန်မာနိုင်ငံအပေါ်မှာ ရှိပြီးသား ပိတ်ဆို့အရေးယူမှု စည်းမျဉ်းတွေရဲ့ အောက်မှာပဲ၊ အေးရှားဝေါ်လ် ကုမ္ပဏီနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူးဆိုရင် အေးရှားဝေါ်လ်ဆိပ်ကမ်းကို ဖြတ်သန်းပြီး ပြုလုပ်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ခွင့်ပြုပေးဖို့ဖြစ်ပါတယ်။
ဒါအပြင် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို မချိုးဖောက်ပဲ၊ မြန်မာနိုင်ငံနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေးမျိုးဖြစ်လာဖို့ ရည်ရွယ်တာကိုလဲ လိုက်နာနိုင်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်လို့ BAFT ရဲ့ ဥက္ကဌ နဲ့ အမှုဆောင်အရာရှိချုပ် Tod Burwell က ဗွီအိုအေကို ပြီးခဲ့တဲ့ စက်တင်ဘာလက ပြောဆိုခဲ့ပါတယ်။