မြန်မာနိုင်ငံက အခြေအနေတွေဟာ ကြေကွဲဖွယ်ကောင်းကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးပြော

လာအိုနိုင်ငံမြို့တော် Vientiane မှာ ကျင်းပနေတဲ့ အာဆီယံစည်းဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken မိန့်ခွန်းပြောကြား။

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ကြေကွဲဖွယ်ကောင်းကြောင်း လာအိုနိုင်ငံမြို့တော် Vientiane မှာ ကျင်းပနေတဲ့ အာဆီယံစည်းဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ ဇူလိုင် ၂၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

“လတ်တလော ဖြစ်ပေါ်နေတဲ့ ပဋိ့က္ခတွေကြောင့် မြန်မာနိုင်ငံက ကြေကွဲဖွယ်ကောင်းတဲ့ အခြေအနေတွေ၊ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း တောင်တရုတ်ပင်လယ်ပြင်အတွင်း အခြေအနေတွေ ဆိုးရွားလာအောင် တရုတ်က ဖိလစ်ပိုင်နိုင်ငံအပေါ် တရားမဝင် လုပ်ဆောင်နေတဲ့ အခြေအနေစတဲ့ ကိစ္စရပ်တွေကို ကျနော်တို့အတူ လက်တွဲဖြေရှင်းသွားကြဖို့ လိုအပ်ပါတယ်” လို့ ဝန်ကြီး Blinken က ပြောကြားခဲ့တာပါ။

ဒါ့အပြင် အာရှနဲ့ အမေရိကားက လူဦးရေ တစ်ဘီလံကျော်ရဲ့ လူမှုဘဝအခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် ပူးတွဲလုပ်ဆောင်နေကြတဲ့ တချိန်ထဲမှာဘဲ ရုရှားက ယူကရိန်းကို တရားမဝင် ကျူးကျော်တိုက်ခိုက်နေတဲ့ကိစ္စ၊ မြောက်ကိုရီးယားက နျူကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်နေတဲ့ ကိစ္စရပ်တွေကိုလည်း လက်တွဲလုပ်ဆောင်သွားကြဖို့ လိုအပ်တယ်ဆိုတာကို ဝန်ကြီး Blinken က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်း မြန်မာ့အရေး အဖြေရှာဖို့ ဒေသတွင်းအာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအစဉ်အတိုင်း မြန်မာစစ်ကောင်စီဘက်က စေ့စပ်ဆွေးနွေးလိုစိတ် မရှိတဲ့အပေါ် ဇူလိုင်လ ၂၅ ရက်နေ့က ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့ပါတယ်။

လာအိုနိုင်ငံ Vientiane မြို့မှာ ကျင်းနေပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအပြင်၊ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား စတဲ့ အာဆီယံရဲ့ မိတ်ဘက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်နေကြတာပါ။