မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ အမေရိကန် သမ္မတ Barack Obama အမည်စာရင်း တင်သွင်းထားတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scot Alan Marciel ကို ကြာသပတေးနေ့ မှာတော့ အမေရိကန် အထက်လွှတ်တော်ရဲ့ အဖွဲ့ဝင် ၁၉ ဦးပါ ကော်မတီက ကန့်ကွက်မဲမရှိ တညီတညွတ်တည်း အတည်ပြုပေး လိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် သံအမတ်ရာထူးကို လက်ခံဖို့ အထက်လွှတ်တော် တရပ်လုံးရဲ့ အတည်ပြုချက်ကိုတော့ ယူရအုံးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ သေသေချာချာ မလုပ်ဆောင်ခင်မှာ အိုဘားမား အစိုးရက ဒဏ်ခတ်မှု လျှော့ချပေးတာလို အမြန် လုပ်ဆောင်မှု တွေ အတွက် ရီပါတ်ဘလစ်ကင် အထက်လွှတ်တော်အမတ်တွေက စိုးရိမ်စိတ်ပူကြောင်း ကြာသပတေးနေ့ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော် မတီ အစည်းအဝေးမှာ ပြောကြားကြပါတယ်။ အိုဘားမား အစိုးရအဖွဲ့ ကိုယ်တိုင် ကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးဆိုင်ရာနဲ့ တခြားပြဿနာတွေအတွက် စိုးရိမ်မှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီရှေ့မှောက် ကြားနာပွဲမှာတော့ မစ္စတာ Marciel က မြန်မာနိုင်ငံမှာ ရွှေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပခဲ့ပေမယ့် လုပ်စရာတွေ အများကြီးရှိနေသေးကြောင်းနဲ့ သူ့အနေနဲ့ မြန်မာနိုင်ငံမှာ သံအမတ်တာဝန ်ထမ်းဆောင်မယ်ဆိုရင် စီးပွားရေး၊ ကျန်းမာရေးကဏ္ဍတွေ အပါအဝင် ဆင်းရဲမွဲတေမှုနဲ့ ရောဂါကင်းစင်ရေး တိုက်ဖျက်ဖို့ ဆောင်ရွက်နေတဲ့ လူထုအခြေပြုအဖွဲ့တွေရဲ့ကဏ္ဍမြှင့်တင်ရေးမှာ အမေရိကန်ရဲ့ပံပိုးမှုတွေကို ဆက်ပြီး တိုးမြှင့်လုပ်ဆောင် သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Scot Marciel ဟာ ၂၀၀၇ခုနှစ်ကနေ ၂၀၁၀ပြည့်နှစ်ထိ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအပြင် အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလအတွင်း မြန်မာနိုင်ငံကို အကြိမ်များစွာ သွားလာခဲ့ပါတယ်။
မြန်မာပြည်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့စဉ်။
သူဟာ ၂၀၁၀ ကနေ ၂၀၁၃ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ တာဝန်ကိုတော့ ၂၀၁၃ခုနှစ်မှာ စတင်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ Marciel ဟာ ကယ်လီဖိုးနီးယား တက္ကသိုလ် Davis နဲ့ Flectcher ဥပဒေကျောင်းတွေမှာ ပညာဆည်းပူးခဲ့ပြီး ဘာသာစကားအနေနဲ့ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ပေါ်တူဂီဘာသာစကားတွေကို တတ်ကျွမ်းသူ ဖြစ်သလို အမေရိကန် နိုင်ငံခြားရေးဌာနတာဝန်နဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ဘရာဇီးလ်၊ တူရကီနိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၁ခုနှစ်က သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် အမေရိကန်အထက်လွှတ်တော်က ၂၀၁၂ခုနှစ် ဇွန်လမှာ Derek Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အတည်ပြုခန့်အပ်ခဲ့ တာဖြစ်ပြီး ၂၀၁၆ မှာ ရာထူးသက်တမ်းကုန်ဆုံးမယ့် မစ္စတာ Mitchell နေရာမှာ Scot Marciel က တာဝန်ယူရမှာဖြစ်ပါတယ်။