အရီဇိုးနား ပစ်ခတ်မှုမှာ ထိခိုက် သေဆုံးသူများကို အောက်မေ့ဂုဏ်ပြုမှု သမ္မတအိမ်တော်မှာ ပြုလုပ်မည်

အရီဇိုးနား ပစ်ခတ်မှုမှာ ထိခိုက် သေဆုံးသူများကို အောက်မေ့ဂုဏ်ပြုမှု သမ္မတအိမ်တော်မှာ ပြုလုပ်မည်

စနေနေ့က အရီဇိုးနားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွင်း ခေါင်းမှာ အပစ်ခံခဲ့ရတဲ့ အထက်လွှတ်တော်အမတ် ဂါဘရီယယ် ဂစ်ဖို့ဒ်စ် (Gabrielle Giffords) ရဲ့ အခြေအနေဟာ စိုးရိမ်ဘွယ် အနေအထားမှာ ရှိနေသေးပေမဲ့ နာလံပြန်ထူနိုင်မယ့် အလားအလာကောင်းတွေ ရှိနေတယ်လို့ ဆေးဘက် တာဝန်ခံတွေက ပြောပါတယ်။

အမတ် ဂစ်ဖို့ဒ်စ်ကို ခွဲစိတ်ကုသခဲ့ပြီး မေ့မျောနေအောင် ဆေးပေးထားဆဲ ဖြစ်ပေမဲ့ အခု သူမဟာ တဖြည်းဖြည်း စပြီး နာလံထူလာနေပြီ ဖြစ်ကြောင်း အရီဇိုးနား ဆေးတက္ကသိုလ်က ဒေါက်တာ ပီတာ ရီး (Dr. Peter Rhee) က တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

သူမဟာ ဆရာဝန် လုပ်ခိုင်းတာတွေကို နားလည်ပြီး လိုက်လုပ်ခဲ့တာ တွေ့ရတဲ့အတွက် ဒီအခြေအနေ တိုးတက်မှုအပေါ် ဆရာဝန်တွေက အားတက်နေကြပါတယ်။

စနေနေ့က အရီဇိုးနားပြည်နယ် တူဆန်းမြို့က ကုန်စုံဆိုင်ကြီးမှာ ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် ဂစ်ဖို့ဒ်စ်က မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံ စကားပြောနေတုန်း လူအုပ်ကြားထဲ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ၆ ဦး သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် တဦး၊ တရားသူကြီး တဦးနဲ့ လွှတ်တော်ဝန်ထမ်း တဦးပါ ပါနေပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ တရားခံလို့ ယူဆရသူ အသက် ၂၂ နှစ်အရွယ် ဂျဲရက် လိုဖနာ (Jared Loughner) ကို တရားစွဲဆိုမယ်လို့ အစိုးရ ရှေ့နေတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

သူ့ကို အထက်လွှတ်တော်အမတ်ကို လုပ်ကြံမှု တမှု၊ အစိုးရဝန်ထမ်း တဦးနဲ့ တရားသူကြီး တဦးကို သတ်ဖြတ်မှု ၂ မှု၊ အစိုးရ ဝန်ထမ်းကို သတ်ဖြတ်ဖို့ ကြိုးပမ်းမှု ၂ မှုနဲ့ တရားစွဲဆိုမှာ ဖြစ်ပါတယ်။

သူ့သေနတ်ကို ကျည်ဆန်ထပ်ဖြည့်ဖို့ လုပ်နေတဲ့ အချိန်မှာ ဘေးမှာရပ်နေသူ ၂ ဦးက ဝင်ဖမ်းခဲ့တဲ့အတွက် အခင်းဖြစ်ပွားရာ နေရာမှာပဲ တရားခံဖြစ်သူ လိုဖနာကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

အထက်လွှတ်တော်အမတ် ဂါဘရီယယ် ဂစ်ဖို့ဒ်စ်ကို ပြင်းထန်တဲ့ ဒဏ်ရာတွေ ရစေပြီး လူ ၆ ဦးကို သေဆုံးစေခဲ့တဲ့ အရီဇီုးနားပြည်နယ်က ပစ်ခတ်မှုမှာ ထိခိုက် သေဆုံး ဒဏ်ရာရသူတွေကို ဂုဏ်ပြုကြဖို့အတွက် အမေရိကန် သမ္မတက ပန်ကြားလိုက်ပါတယ်။

တနင်္လာနေ့ အမေရိကန် အရှေ့ခြမ်း စံတော်ချိန် မနက် ၁၁ နာရီမှာ သမ္မတနဲ့တကွ သမ္မတအိမ်ဖြူ ဝန်ထမ်းတွေဟာ တခဏ ငြိမ်သက်စွာရပ်ပြီး ဂုဏ်ပြုကြမှာ ဖြစ်သလို ဒီသီတင်းပတ်ထဲမှာ သမ္မတ အိမ်ဖြူတော်နဲ့ တခြား လူထု အဆောက်အဦးတွေ၊ စစ်ဘက် အဆောက်အဦးတွေမှာ အလံတဝက် လွှင့်ထူမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

သမ္မတ အိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဥပဒေကို ပြန်လည်ရုပ်သိမ်းဖို့ အပါအဝင် အောက်လွှတ်တော်မှာ ဒီသီတင်းပတ်ထဲ မဲပေးပြီး ဆုံးဖြတ်ဖို့ရှိတဲ့ ကိစ္စရပ်တွေကို ရွှေ့ဆိုင်းထားမှာဖြစ်ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန် ဘေနာ (John Boehner) က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။