အရှေ့တောင်အာရှကို အမေရိကန်စစ်ရေး အထောက်အပံ့တိုးမည်

အရှေ့တောင် အာရှဒေသမှာရှိတဲ့ စစ်ဘက်ပညာရပ်ဆိုင်ရာ အစီအစဉ်တွေနဲ့ သင်တန်းတွေအတွက် အမေရိကန် ပြည်ထောင်စုက အကူအညီတွေ အများကြီး တိုးမြှင့်ပေးသွားမယ့်အကြောင်း အမေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။

ကွာလာလမ်ပူမြို့မှာရှိတဲ့ မလေးရှား ကာကွယ်ရေးနဲ့ လုံခြုံရေးဌာနမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက် ဟေဂယ်လ် (Chuck Hagel) က အခုလို ကြေညာလိုက်တာပါ။ ပန်တဂွန် ဘတ်ဂျက်စာရင်းအရ ဒီအစီအစဉ်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၉၀ သတ်မှတ်ထားပြီး၊ ဒါဟာ လွန်ခဲ့တဲ့ ၄ နှစ်နဲ့ နှိုင်းယှဉ်ရင် အဆပေါင်း ၅၀ ပိုများလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် အစိုးရအနေနဲ့ အာရှ-ပစိဖိတ်ဒေသကို ပိုပြီးတော့ အာရုံထားရေး မဟာဗျူဟာ ပြောင်းလဲလာခဲ့ပြီးတဲ့နောက် အခု ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာပါ။ အရှေ့တောင် အာရှဒေသရဲ့ ပိုပြီးတော့ ထင်ပေါ်လာမှုနဲ့ အရေးပါမှုတွေကို ထင်ဟပ်နိုင်စေဖို့၊ အာရှ-ပစိဖိတ်ဒေသနဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ သံတမန်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုတွေကို ပြန်လည် ထိန်းညှိသွားနိုင်အောင် အမေရိကန်အစိုးရက နည်းလမ်း ရှာဖွေ ကြိုးစားနေတာ ဖြစ်တယ်လို့လည်း ဝန်ကြီး ဟေဂယ်လ် က ပြောသွားပါတယ်။

ခုလို အမေရိကန်အစိုးရက ဒေသတွင်း စိတ်ဝင်စားမှုတွေ တိုးလာနေတဲ့အပေါ်မှာ ဒါဟာ တရုတ်နဲ့ အိမ်နီးချင်း နိုင်ငံတွေကြား ကန့်သတ်ဖို့ ကြိုးစားတာဖြစ်တယ် လို့ဆိုပြီး တရုတ်နိုင်ငံက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံဟာ တောင်တရုတ် ပင်လယ်ပြင်အတွင်းက ရေပိုင်နက်တချို့နဲ့ ပတ်သက်လို့ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ အာရှနိုင်ငံတွေ အတော်များများနဲ့
ဖြေရှင်းလို့ မရသေးတဲ့ ပဋိပက္ခတွေ ရှိနေတာ ဖြစ်ပါတယ်။