အမေရိကန်နဲ့တောင်ကိုရီးယား ၂ နိုင်ငံအကြား နှစ်စဉ်ပုံမှန်ကျင်းပနေတဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတခုကို အင်အား သိသိသာသာ လျှော့ချပြီး ကျင်းပမယ့် ကိစ္စကို ကြေညာ တော့မယ့် သဘောရှိတယ်လို့ သတင်းတွေမှာဖေါ်ပြနေပါတယ်။ လာမယ့် ရက် အနည်းငယ် အတွင်းမှာပဲ ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်မယ့် ကိစ္စကို ကြေညာနိုင်ဖွယ် ရှိတယ်လို့ အမည်မဖေါ်လိုတဲ့ အမေရိကန်ကာကွယ်ရေးအရာရှိတွေရဲ့ပြောဆိုချက်တွေကို ကိုးကားပြီး သတင်းမီဒီယာတွေက ဖေါ်ပြနေပါတယ်။
ဒီသတင်းဟုတ် မဟုတ်ဆိုတာကို အတည်ပြုဖို့ ဗွီအိုအေက ပင်တဂွန်စစ်ဌာနချုပ်ကို ဆက်သွယ် မေးမြန်းတော့ အတည်ပြု ဖို့ငြင်းပါတယ်။
ပြီးခဲ့တဲ့ရက်အတွင်း ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ၂ ဦးရဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာ ပြောဆိုခဲ့ကြတဲ့ မြောက် ကိုရီးယားရဲ့နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိစ္စ ညှိနှိုင်းမှုတွေကို ဆက်ပြီး ရှိနေအောင်လို့ အင်အားလျှော့ချမှုတွေ သိသိသာသာ လုပ်ပြီး အမေရီကန်နဲ့ တောင် ကိုရီးယား စစ်တပ်တို့ စစ်ရေးလေ့ကျင့်မယ့်သဘောလည်းဖြစ်နိုင်သလို သမ္မတထရမ့် ကလည်း ဒီပူးတွဲ စစ်ရေးလေ့ကျင့်မှုရဲ့ကုန်ကျစရိတ်က သိပ်ကြီးတယ်လို့ ပြောနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အခုလာတော့မယ့် နွေဦးပေါက်ကာလမှာကျင်းပလေ့ရှိပြီး ပြီးခဲ့တဲ့နှစ် ၂၀၁၈ ခုနှစ်မှာတော့ တောင်ကိုရီးယားမှာ အိုလံပစ်ပွဲ ကျင်းပပြီး အဲဒီမှာ မြောက်ကိုရီးယားအသင်းနဲ့ ထိပ်တန်းအရာရှိတချို့လည်း လာရောက်ခဲ့တာကြောင့် ပူးတွဲစစ်ရေးလေ့ကျင့်မှှုကို ပထဆုံး အကြိမ်အဖြစ် မကျင်းပဘဲ ရွှေ့ဆိုင်းခဲ့ပါတယ်။