ဆီးရီးယားက အမေရိကန် စတင်ဆုတ်ခွာ

ဆီးရီးယားနိုင်ငံ Al Rmelan ဒေသကနေ ဆုတ်ခွာသွားတဲ့ သံချပ်ကာကားများ

ဆီးရီးယားနိုင်ငံအတွင်းရောက်ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပြန်ရုပ်သိမ်းမှုကို စတင်နေပါပြီ။ ဒါပေမယ့် စစ်သားတွေကို ပြန်ရုပ်သိမ်းသေးတာမဟုတ်ဘဲ စစ်သုံးပစ္စည်းကိရိယာတွေကိုပဲ စပြီးရုပ်သိမ်းမှာဖြစ်ပါတယ်။

IS စစ်သွေးကြွတွေကိုတိုက်ခိုက်ဖို့ ဆီးရီးယားနိုင်ငံကိုစေလွှတ်ထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေက ၂ ထောင် လောက်ရှိတာပါ။ ကြာသပတေးနေ့ နှောင်းပိုင်းကစပြီး စစ်သုံးပစ္စည်းကိရိယာတွေကိုရုပ်သိမ်းနေတာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

လုံခြုံရေးဆိုင်ရာလုပ်ဆောင်မှုအတွက် စိုးရိမ်စရာမရှိကြောင်း၊ အချိန်ဇယားအတိအကျ၊ နေရာ ဒါမဟုတ် တပ်ဖွဲ့ဝင်တွေရဲ့လုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာဟုတ်ဘူးလို့လည်း ဆိုပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေ အခြေစိုက်ထားတဲ့ ဆီးရီးယားနိုင်ငံ Al Rmelan ဒေသကနေ သံချပ်ကာကား ဆယ်စီးနဲ့ တခြား ပစ္စည်းကိရိယာတွေ ထုတ်ယူသွားတာကို မြင်ခဲ့ရကြောင်းဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒီသံချပ်ကာကားနဲ့ပစ္စည်းတွေဟာ ဆီးရီးယားနဲ့ကပ်ရက် အီရတ်နိုင်ငံဘက်ကို ဦးတည်ထွက်ခွါ သွားခဲ့တာလို့ဆိုပါတယ်။

Your browser doesn’t support HTML5

ဆီးရီးယားက အမေရိကန် စတင်ဆုတ်ခွာ