White card ပြန်အပ်ရေးအကျိုးဆက် ကုလနဲ့ ကန် စောင့်ကြည့်မည်

ရခိုင်ပြည်နယ် စစ်တွေ့မြို့အတွင်း သန်းခေါင်စာရင်းကောက်ယူစဉ်။ (မတ် ၃၁၊ ၂၀၁၄)

မြန်မာနိုင်ငံက ယာယီသက်သေခံ လက်မှတ် white card တွေဟာ မတ်လကုန်မှာ သက်တမ်းကုန် မှာမို့ မေလကုန် နောက်ဆုံး ထား ပြန်လည်အပ်နှံဖို့ မြန်မာအစိုးရ ရဲ့ ကြေညာချက် ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဆန့်ကျင်တဲ့လုပ်ရပ် တခုလို့ အမေရိကန် အစိုးရက ပြောကြားလိုက်ပါတယ်။ ဒီလို ပြန်လည် အပ်နှံခိုင်းတာ အတွက် ကုလသမဂ္ဂ အနေနဲ့ စိုးရိမ်မှုရှိတယ်လို့လည်း ပြောကြားခဲ့ ပါတယ်။ အပြည့်အစုံ ကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံက White card လို့ခေါ်တဲ့ ယာယီ သက်သေခံ လက်မှတ်တွေ အတွက် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မယ်လို့ နိုင်ငံတော် သမ္မတ ရုံးက ကြေညာချက်နဲ့ ပါတ်သက်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို အမေရိကန် အစိုးရက စောင့်ကြည့်နေမှာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့တောင်အာရှ ရေးရာဌနခွဲ တာဝန်ခံတဦးက VOA ကိုပြောပါတယ်။

"ဒီကြေညာချက်နဲ့ ပါတ်သက်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်သွားမှာပါ။ မြန်မာနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ ကန့်သတ်မှုတွေ အတွက် အမေရိကန် အစိုးရက စိုးရိမ်စိတ်ပူကြောင်း ထပ်တလဲလဲ ပြောကြား ခဲ့ပြီး ဖြစ်ပါတယ်။ ဒီကန့်သတ်မှုတွေဟာ ရိုဟင်ဂျာတွေကို သက်ရောက်မှု ရှိနေပြီး ဒီအထဲမှာ နိုင်ငံသားဖြစ်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ ခရီးသွား ကန့်သတ်မှုတွေ ပါဝင်နေတာပါ။"

အခုကြေညာချက်ကနေ White card ကိုင်ဆောင်သူတွေအတွက် ရပိုင်ခွင့် ပိတ်ပင် လိုက်တာဟာ မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်မယ်ဆိုတဲ့ အာဏာပိုင်တွေရဲ့ ကတိပေးချက်နဲ့ ဆန့်ကျင်နေတယ်လို့လည်း ပြောပါတယ်။

"အခုလို white card ကိုင်ဆောင်သူတွေရဲ ရပိုင်ခွင့်ကို ငြင်းပယ်ဖို့ လုပ်ဆောင်တဲ့ ခြေလှမ်းတွေဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ နိုင်ငံသားတိုင်းအတွက် နိုင်ငံတွင်း ဥပဒေတွေနဲ့ရော နိုင်ငံတကာ စံနှုံးတွေနဲ့ အညီပါ အကာအကွယ်ပေးဖို့ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ခွင့်ရစေမယ် ဆိုတဲ့ မြန်မာအစိုးရရဲ့ ကတိပေးချက်တွေနဲ့ ဆန့်ကျင်နေပါတယ်။"

ကုလသမဂ္ဂကလည်း ဒီကိစ္စနဲ့ ပါတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vijay Nambia ကိုယ်တိုင် အနီးကပ်စောင့်ကြည့် နေပါတယ်လို့ ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှုးချုပ်ရုံးပြောခွင့်ရ Stephane Dujarric က ပြောကြားခဲ့ပါတယ်။

"ယာယီ သက်သေခံ ကပ်ပြား ကိုင်ဆောင်သူတွေကို သူတို့ရဲ့ ကပ်ပြားတွေ ပြန်အပ်ဖို့ လိုတယ်ဆိုတဲ့ ပြောကြားချက်တွေနဲ့ ပါတ်သက်ပြီး ကျွန်တော်တို့ အထူးစိုးရိမ် စိတ်ပူပါတယ်။ မစ္စတာ နမ်ဘီးယား က ဒီကိစ္စနဲ့ ပါတ်သက်ပြိး အနီးကပ် စောင့်ကြည့်နေသလို ဒီကြေညာချက်က ဘာကိုဆိုလိုတယ် ဆိုတာနဲ့ မြန်မာအစိုးရ အရင်တုန်းက ကတိပေးခဲ့တာတွေနဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာတွေကို အသေးစိတ် သိရအောင် ကြိုးစား နေပါတယ်။"

ဖေဖေါ်ဝါရီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့က သမ္မတရုံး က ထုတ်ပြန်တဲ ကြေညာချက်ထဲမှာ လက်ရှိ white card ကိုင်ဆောင်ထားသူတွေရဲ့ ကဒ်ပြားအားလုံးဟာ ၂၀၁၅ မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာမို့ မေလ ၃၁ ရက် နောက်ဆုံး ထားပြီး ပန်းရောင် နိုင်ငံသားကဒ် နဲ့ လာရောက်လဲလှယ်ကြရမယ်လို့ ဖေါ်ပြထားပါတယ်။ အခုလို ပန်းရောင် နိုင်ငံသားကဒ်ပြားရဖို့ အတွက်ဆိုရင် တည်ဆဲ နိုင်ငံသား စိစစ်ရေး ဥပဒေတွေအရ စစ်ဆေးပြီး နိုင်ငံသား ဖြစ်ပိုင်ခွင့် ဥပဒေနဲ့ ကိုက်ညီမှသာ ထုတ်ပေးမယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။

ဒီကြေညာချက်ဟာ အစိုးရက နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းစဉ်ကို “မိုးပွင့် အထူးစီမံချက်” အနေနဲ့ အရှိန်မြှင့် ဆောင်ရွက်နေခြင်းရဲ့ တစိတ်တပိုင်း ဖြစ်ပြီး ဒီအထူးစီမံချက်ကို အကောင်အထည်ဖော်ဖို့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုကြီးကြပ်မှု ကော်မီတီများက တဆင့် ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တာပါ။

အရင် စစ်အစိုးရ လက်ထက်တုန်းက White Card ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ လူထုဆန္ဒခံယူပွဲတွေ အပါအဝင်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာပါ မဲပေးခွင့်ပေးခဲ့ပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ အဲဒီလို ဖော်ပြမထားပါဘူး။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး သမ္မတ ဦးသိန်းစိန် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်တဲ့ ဥပဒေမူကြမ်း အပေါ် အခြေအတင် ငြင်းခုန်မှုတွေ ဖြစ်ပွါးခဲ့တာပါ။