အမေရိကန် ဒုသမ္မတလောင်းတွေဖြစ်ကြတဲ့ ဒီမိုကရက်ပါတီက Tim Kaine နဲ့ ရီပတ်ဘလစ်ကန်ပါတီက Mike Pence တို့ ၂ ဦးရဲ့ တကြိမ်ထဲသော စကားစစ်ထိုးပွဲကို ဒေသစံတော်ချိန် အင်္ဂါနေ့ည ၉ နာရီမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒုသမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲကို သမ္မတ Barack Obama အပါအဝင် မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင် တင်ပြထားပါတယ်။
အမေရိကန်ဒုသမ္မတလောင်းတွေဖြစ်ကြတဲ့ Indiana ပြည်နယ် အုပ်ချုပ်ရေးမှူး Mike Pence နဲ့ Virginia ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း လည်းဖြစ်၊ လက်ရှိမှာ အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်တဲ့ Tim Kaien တို့ ၂ ဦးရဲ့ တခုတည်းသော စကားစစ်ထိုးပွဲကို အခု ကျနော်တို့ အသံလွှင့်ပြီး မကြာခင် ဝါရှင်တန်စံတော်ချိန် အင်္ဂါနေ့ ည ၉ နာရီ၊ မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့မနက် ၇ နာရီခွဲမှာ စတင်မှာ ဖြစ်ပါတယ်။ Virginia ပြည်နယ်၊ Farmville မြို့မှာရှိတဲ့ Longwood တက္ကသိုလ်မှာ ကျင်းပမယ့် ဒုသမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲကို အမေရိကန်တွေနည်းတူ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသားတွေ ကလည်း အာရုံစိုက် စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။
ဒုသမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲဟာ သမ္မတရွေးကောက်ပွဲအတွက် အဆုံးအဖြတ်ပေးနိုင်လောက်တဲ့အထိ အရေးပါတဲ့ စကားစစ်ထိုးပွဲ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံရေးလောကမှာ ခံယူထားကြပေမယ့် ဒီ စကားစစ်ထိုးပွဲအတွင်း အပြောအဆိုမှားသွားခဲ့ရင်တော့ လူထု စစ်တမ်းတွေမှာ ထောက်ခံမှု ကျဆင်းသွားစေနိုင်တဲ့အထိတော့ ဖြစ်လာနိုင်ပါတယ်။
ရီပတ်ဘလီကန်ပါတီ ဒုသမ္မတလောင်း Mike Pence ကတော့ “အမေရိကန်စီးပွားရေး ပြန်လည် ဦးမော့လာအောင် သူတို့အစိုးရအနေနဲ့ လုပ်ဆောင်သွားမယ်” လို့ မဲဆွယ် စည်းရုံးပွဲတခုအတွင်း ပြောကြားခဲ့ပါတယ်။
ဒီမိုကရက်ပါတီ ဒုသမ္မတလောင်း Tim Kaine ကတော့ အားလုံး သာတူညီမျှရှိရေးအတွက် လုပ်ဆောင်သွားမယ့်အကြောင်း ပြောပါတယ်။
“အားလုံးကို တသွေးတသားထဲ သာတူညီမျှ ဆက်ဆံကြရအောင်ပါ။ သမ္မတလောင်း Hillary Clinton ဟာလည်း အဲဒီလို လုပ်ဆောင်မယ့်သူ ဖြစ်သလို ကျနော်ကလည်း အဲဒီလိုပဲ ခံယူထားသူ ဖြစ်ပါတယ်။ အားလုံးကလည်း တဦးနဲ့တဦး တန်းတူညီမျှ ဆက်ဆံသင့်ပါတယ်။”
ဒုသမ္မတလောင်း Tim Kaine ဟာ သမ္မတ Barack Obama နဲ့ ရင်းနှီးသူဖြစ်တဲ့အပြင် သမ္မတရဲ့ ဒီမိုကရက်ပါတီကို ကိုယ်စားပြုတဲ့သူ ဖြစ်တာကြောင့် ဒီစကားစစ်ထိုးပွဲကို သမ္မတအနေနဲ့ စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest က ပြောပါတယ်။
“သမ္မတ အိုဘားမားဟာ အထက်လွှတ်တော်အမတ် Tim Kaine ကို ခင်မင် လေးစားသူဖြစ်ပါတယ်။ သူ့ကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်တာဟာ အင်မတန် သင့်တော်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။ သမ္မတ အိုဘားမားဟာ ဒီည စကားစစ်ထိုးပွဲရဲ့ တစိတ်တဒေသကို စောင့်ကြည့်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”
Indiana ပြည်နယ်၊ Fort Wayne မြို့မှာ နေထိုင်တဲ့ မမင်းမင်းထွေးငယ်ဟာလည်း ဒီ စကားစစ်ထိုးပွဲကို စောင့်ကြည့်မယ့်သူတွေထဲမှာ တဦး အပါအဝင် ဖြစ်ပါတယ်။ သူကတော့ ကိုယ်စားလောင်းတွေမှာ ရှိသင့်တဲ့ အရည်အချင်းတွေဟာ အရေးကြီးတယ်လို့ ပြောပါတယ်။
“ကျမတို့ မဲပေးတော့မယ်ဆိုလို့ရှိရင် ပထမတချက်က ကျမ ဘာကြည့်သလဲဆိုတော့ ပါတီတွေရဲ့ မူဝါဒနဲ့ ပါတီတွေရဲ့ လမ်းစဉ်ကို ကြည့်တယ်။ ပြီးတော့ သူတို့ရဲ့ ပေါ်လစီတွေ၊ ဥပမာ နိုင်ငံခြားရေး ပေါ်လစီ၊ ပညာရေးပေါ်လစီ၊ ဒီပေါ်လစီတွေအပေါ်မှာ ကြည့်ပြီးတော့ ကျမတို့ ပါတီတွေကို ရွေးချယ်တယ်။ နောက်တချက်က ခေါင်းဆောင်ပေါ့။ ကျမတို့ အခု ခေါင်းဆောင်တွေကို ရွေးချယ်ရမယ့် အချိန်ကို ရောက်လာတဲ့အခါ ကျမ အချက် (၃) ချက်နဲ့ ကြည့်ပြီး ရွေးချယ်တယ်။ တစ်အချက်က Chrono လို့ခေါ်တဲ့ ဒီခေါင်းဆောင်တွေဟာ တိုင်းပြည်အပေါ်မှာ သူတို့ရဲ့အချိန်တွေ ဘယ်လို အသုံးပြုခဲ့သလဲ။ နောက်တချက်ကတော့ သူတို့ရဲ့ Character quality ပေါ့နော်၊ သူတို့ရဲ့ အစွမ်းအစ၊ သူတို့ရဲ့ အကျင့်စရိုက်။ သူတို့ရဲ့ အကျင့်စရိုက်တွေက ခေါင်းဆောင်တယောက်မှာ ရှိသင့် ရှိထိုက်တဲ့ အကျင့်စရိုက်တွေလား။ နောက်တချက်ကတော့ Competency လို့ခေါ်တဲ့ သူတို့ရဲ့ နိုင်ငံရေး ကျွမ်းကျင် လိမ္မာ ပါးနပ်မှုပေါ့။ အဲဒီ အချက် (၃) ချက်အပေါ်မှာ ကြည့်ပြီးတော့မှ ဘယ်ခေါင်းဆောင်ကတော့ တိုင်းပြည်အတွက် ထိထိရောက်ရောက် တာဝန်ထမ်းဆောင်နိုင်မလဲ၊ ဒီအချက်ပေါ်မှာ ကြည့်ပြီးတော့ ကျမကတော့ ရွေးမှာပေါ့။”
ဒီစကားစစ်ထိုးပွဲကို စောင့်ကြည့်မယ့် Virginia ပြည်နယ်က ကိုရန်နောင်ကတော့ Tim Kaine ဟာ ဒုသမ္မတလောင်း အရည်အချင်းတွေနဲ့ ပြည့်မှီသူ ဖြစ်တယ်လို့ ယူဆကြောင်း ပြောပါတယ်။
“ကျနော်ကတော့ သူ့ကို ဒုသမ္မတလောင်း တယောက်အနေနဲ့တော့ Qualify ဖြစ်တယ်လို့ မြင်တယ်။ သူက အတွေ့အကြုံ များတာပေါ့။ ဆီးနိတ်မှာရော၊ Mayor (မြို့တော်ဝန်) မှာရော၊ Governor (ပြည်နယ်အုပ်ချုပ်ရေးမှူး) ရော သူလုပ်ဘူးတာတွေ တော်တော်များတယ်။ နောက်တခါ နိုင်ငံခြားရေး ကိစ္စတွေမှာရော။ ဆိုတော့ သူက အများကြီး Qualify ဖြစ်တယ်လို့ ကျနော်မြင့်တယ်။ အဓိကကတော့ ဒီ နိုင်ငံခြားရေး ပေါ်လစီရယ်၊ ပြည်တွင်းရဲ့ စီးပွားရေးကိစ္စတွေမှာ အဓိက ပြောကြမယ်ထင်ပါတယ်၊ ကျနော်မြင်တာ။ အဲဒီတော့ ဒုသမ္မတလောင်းရဲ့ စကားစစ်ထိုးပွဲက သမ္မတရွေးကောက်ပွဲအတွက်ကို အများကြီး အထောက်အကူ ပြုပါလိမ့်မယ်။”
မေး။ စကားစစ်ထိုးပွဲကရော သမ္မတလောင်းတွေကို သူတို့အနေနဲ့ ဘယ်လောက်အထိများ ကာကွယ်ပြီးတော့ ပြောပေးနိုင်မလဲ၊ နောက်ပြီးတော့ တဖက်လူကို ဘယ်လောက်အထိများ ထိုးနှက်နိုင်မလဲဗျ၊ အပြန်အလှန်ပေါ့။
“ကျနော့်အမြင်ကတော့ Donald Trump မှားခဲ့တဲ့ အမှားတွေအတွက်ကို ဒီ Governor Mike Pence အနေနဲ့ အကာကွယ် ပေးနိုင်မယ်လို့ ကျနော် မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူပြောတဲ့ ဒီ Tax (အခွန်) ကိစ္စတို့၊ နောက်တခါ Cyber security (အင်တာနက် အွန်လိုင်း လုံခြုံရေး) နဲ့ပတ်သက်ပြီးတော့ အီးမေး Hack (ထိုးဖောက် ဝင်ရောက်ခိုင်းတာ) မျိုးတို့ဟာနဲ့ ပတ်သက်ရင် ဘယ်လိုမှ သူအဖတ်ဆယ်လို့ ရနိုင်မှာမဟုတ်ဘူး။ ကျနော်ကတော့ အဲဒီလို မြင်တယ်။”
ရီပတ်ဘလီကန်ပါတီ ဒုသမ္မတလောင်း Mike Pence ဟာ ဘာသာရေး ကိုင်းရှိုင်းသူ၊ Conservative သဘောထားအမြင်တွေကို ခိုင်ခိုင်မာမာ စွဲကိုင်ထားသူဖြစ်ပါတယ်။ သူဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက Indiana ပြည်နယ် မြို့တော် Indianapolis မှာ Sunday TV Show ဆိုတဲ့ တနင်္ဂနွေ ရုပ်သံအစီအစဉ်နဲ့ The Mike Pence Show ဆိုတဲ့ ဆွေးနွေးခန်း ရေဒီယို အစီအစဉ်တွေကို ပင်တိုင် တင်ဆက်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ Indiana ပြည်နယ်ကို ကိုယ်စားပြုတဲ့ အောက်လွှတ်တော်အမတ် အဖြစ် ၂၀၀၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဒီမိုကရက်ပါတီ ဒုသမ္မတလောင်း Tim Kaine ကတော့ စပိန်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူတဦးဖြစ်ပြီး ကက်သက်လစ် ဘာသာဝင် တဦး ဖြစ်ပါတယ်။ Harvard တက္ကသိုလ်က ဥပဒေဘွဲ့ ရရှိခဲ့တဲ့ Tim Kaine ဟာ Virginia ပြည်နယ်ရဲ့ မြို့တော် Richmond ရဲ့ မြို့တော်ဝန်၊ ပြည်နယ် လွှတ်တော်အမတ် ၊ ပြည်နယ် အုပ်ချုပ်ရေးမှူး စတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့သူတဦး ဖြစ်သလို လက်ရှိမှာလည်း အထက်လွှတ်တော်အမတ် အဖြစ် တာဝန်ထမ်းဆောင်နေသူ တဦးဖြစ်တာကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ကျွမ်းကျင် နားလည်သူဖြစ်တယ်လို့ ယူဆခံထားရသူ ဖြစ်ပါတယ်။
Your browser doesn’t support HTML5